Home သတင်း စစ်ဘေးရှောင် ဧရာဝတီတိုင်းမှာ စစ်ရှောင်နေတဲ့ ရခိုင်စစ်ဘေးရှောင်တွေကို စစ်ကောင်စီဖိအားပေးနေ

ဧရာဝတီတိုင်းမှာ စစ်ရှောင်နေတဲ့ ရခိုင်စစ်ဘေးရှောင်တွေကို စစ်ကောင်စီဖိအားပေးနေ

48
0

CNA။

ရခိုင်ပြည်နယ်၊ ဂွမြို့ကတိုက်ပွဲတွေကြောင့်ဧရာဝတီတိုင်းဘက်ကို ရွှေ့ပြောင်းလာတဲ့ ရခိုင်စစ်ဘေးရှောင်တွေကို စစ်ကောင်စီက ဖိအားပေးပြောင်းရွှေ့ခိုင်းနေတယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်စခန်း အနီးဝန်းကျင်နဲ့ ကားလမ်းမဘေးတွေမှာနေထိုင်တဲ့ ‌ရခိုင်စစ်ဘေးရှောင်တွေကို အဓိကထားပြောင်းရွှေ့ခိုင်းနေတာဖြစ်ပြီး၊ မပြောင်းရွှေ့ဘူးဆိုရင် အတင်းအဓမ္မ အင်းအားသုံးမယ့် ပုံစံမျိုးပြောဆိုထားတာရှိတယ်လို့ ရေကြည်မြို့ထဲမှာ စစ်ရှောင်နေသူတစ်ဦးက CNAကိုပြောပါတယ်။

“အခုက လက်နက်ကြီးဆင်ထားတော့ လက်နက်ကြီး ပတ်ဝန်းကျင်မှာ မနေရတဲ့သဘော။လောလောဆယ်ပြောင်းတဲ့သူတွေကတော့ ပြောင်းနေကြတာပဲ။ဘယ်ကို ပြောင်းနေကြလဲတော့မသိဘူးပေါ့။ဒါပေမယ့် အခုလောလောဆယ်ကတော့ အခက်အခဲမျိုးစုံရှိတာပေါ့”လို့ ရေကြည်မြို့ထဲမှာ စစ်ရှောင်နေသူက ဆိုပါတယ်။

အရင်ကနေထိုင်ရတာအဆင်ပြေပေမယ့် ဂွမြို့နဲ့ တိုက်ပွဲတွေနီးကပ်လာချိန်မှာတော့ ယခုလိုဖိအားပေးလာတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ယခုအခြေအနေနဲ့ ပတ်သက်ပြီး ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ကတော့ ဧရာဝတီတိုင်းသက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေကို လူသားတစ်ယောက်ရဲ့ လွတ်လပ်စွာရွေ့ပြောင်းနေထိုင်ခွင့်ကို လေးစားလိုက်နာပြီး စစ်ဘေးရှောင် ပြည်သူတွေအပေါ် လူသားချင်းစာနာထောက်ထားစွာဖြင့် အတင်းဖိအားပေးရွှေ့ပြောင်းခိုင်းမှု့တွေ မလုပ်ကြဖို့ ဒီကနေ့ ဒီဇင်ဘာ ၂၅ရက်မှာ မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

“စစ်ဘေးရှောင် ပြည်သူတွေပြောတာကတော့ လက်ရှိမှာ ဂွမြို့မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ဧရာဝတီတိုင်းကနေပြီးတော့ စစ်ကောင်စီက စစ်ကူတွေပို့နေတယ်ပေါ့လေ။ စစ်ကား‌တွေဆိုလည်းသွားနေတယ်။ လေယာဉ်တွေဆိုလည်း ပျံနေတယ်။ဒီလိုမျိုးစစ်ရေးသတင်းလှုပ်ရှားမှုတွေကို အဲ့ဘက်မှာ စစ်ဘေး‌တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကနေပြီးတော့ ဟိုဘက်က ဂွမြို့မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို သတင်းပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့၊ စွပ်စွဲချက်နဲ့ပေါ့လေ သူတို့တွေကို အတင်းရွှေ့ပြောင်းဖို့ ဖိ‌အားပေးတယ်လို့ သိရပါတယ်”လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က တာဝန်ရှိသူတစ်ဦးက CNAကိုပြောပါတယ်။

ဒီဇင်ဘာ ၂၃ရက်နေ့မှာဆိုရင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ခွေးတောက်ကွက်သစ်အုပ်စုနဲ့ ကုန်းပြင်အနီးဝန်းကျင်က ရခိုင်စစ်ဘေးရှောင်တွေကို အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီ တပ်သားတွေက ၂ရက်အတွင်း ရွှေ့ပြောင်းဖို့ ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်စစ်ဘေးရှောင်အချို့ပြောင်းရွှေ့သွားတာတွေရှိပေမယ့် အချို့ကတော့ အခြေအနေကိုစောင့်ကြည့်ရင်း အဲ့ဒီနေရာမှာဘဲ နေထိုင်နေသူတွေရှိတယ်လို့လည်း သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

ရေကြည်မြို့နယ်အတွင်းမှာတင် ဂွမြို့က စစ်ဘေးရှောင် အိမ်ထောင်စု ၂၀၀ ဝန်းကျင်၊ လူဦးရေ ၉၀၀ခန့်ရှိပြီး ဧရာဝတီတိုင်းထဲမှာဆိုရင်တော့ ဂွမြို့စစ်ဘေးရှောင် သောင်းဂဏန်းခန့်ရှိတယ်လို့လည်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ခန့်မှန်းထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here