CNA၊ ဂူးဂူး။
ရန်ကုန်မှာ ဒီရက်ပိုင်း စစ်ကောင်စီက ရန်ကုန်ကိုရောက်နေကြတဲ့ရခိုင်လူငယ်အများစုကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ ရခိုင်လူငယ်တွေက ဆိုကြပါတယ်။
ဒီလို ဖမ်းဆီးတာတွေကို စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီးတော့နေအိမ် အများစုကို ဝင်ရောက်စစ်ဆေးပြီးတော့ ရခိုင်ဆိုရင် အကြောင်းပြချက်မရှိပဲ ဖမ်းဆီးတာတွေကိုလည်း ခံနေကြရတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒီလိုဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ရန်ကုန်ရောက်နေတဲ့ရခိုင်လူငယ်အများစုဟာ စစ်ကောင်စီရဲ့ဖမ်းဆီးတာတွေကို မခံရအောင်ဘေးလွတ်ရာနေရာတွေကိုရှောင်တိမ်းနေကြရတယ်လို့ လှိုင်မြို့နယ်အတွင်းမှာနေထိုင်နေတဲ့ ရခိုင်လူငယ် တစ်ဦးကပြောပါတယ်။
“အခုက ဧည့်စာရင်းစစ်တယ်ဆိုပြီးတော့ ဝင်ပြီးဖမ်းတာတွေ ဆက်တိုက်ရှိနေတယ်။ကျနော်တို့လည်းရှောင်နေကြရတယ် ရခိုင်ကိုလို့ သီးသန့်ဖမ်းတာတော့မဟုတ်ဘူး။လူငယ်တော်တော်များများကို စစ်ကောင်စီက ဖမ်းနေတာ။ဒါပေမယ့် ရခိုင်ဆိုရင်တော့ အကြောင်းပြချက်မရှိပဲ ဖမ်းတာတွေကတော့များတယ်လို့”သူကပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ရန်ကုန်တိုင်းအတွင်းက မရမ်းကုန်း၊ ကျောက်မြောင်း၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊လှိုင်၊ယုဇနဥယာဉ်မြို့တော်တွေက ရခိုင် လူငယ် ၅၀ ထက်မနည်းကို ဖမ်းဆီးတာတွေရှိခဲ့တယ်လို့လည်းဆိုပါတယ်။
တစ်ဖက်မှာလည်း စစ်လော်ဘီတွေဟာ ရခိုင်စစ်မြေပြင်မှာ စစ်ရေး အရှုံးနဲ့ ဆက်တိုက်ရင်ဆိုင်လာရတာနဲ့ အတူ ရန်ကုန်ကို ရောက်နေတဲ့ ရခိုင်ပြည်သူတွေကို ဖမ်းဆီးဖို့အတွက် ဝါဒဖြန့်တာတွေ အပြင် တိုင်ကြားတာတွေလည်း ရှိနေတဲ့ အတွက်စစ်ကောင်စီတပ်တွေဟာ ရခိုင်တွေကို ပိုမိုပစ်မှတ်ထား ဖမ်းဆီးလာနေတာလည်း ဖြစ်တယ်လို့လည်း သာကေတမှာ နေထိုင်တဲ့ ရခိုင်လူငယ်တစ်ဦးကပြောပါတယ်။
“ဒီလိုဖြစ်လာတာကတော့ အခုက စစ်ကောင်စီလော်ဘီတွေကလည်း ရခိုင်တွေကိုဖမ်းဖို့ ဝါဒဖြန့်တာတွေဆက်တိုက်ရှိတယ်။နောက်တစ်ခုက ဒလန်တွေကလည်း ရခိုင်တွေနေထိုင်တဲ့နေရာကို စုံစမ်းပြီးဖမ်းဖို့ တိုင်တာတွေရှိတယ်။အဓိကတော့လူမှုရေးလုပ်ငန်းတွေလုပ်တဲ့ သူတွေဆိုရင်ပိုပြီးတော့ ပစ်မှတ်ထားတာပေါ့။ အဲဒါကြောင့် အခုလို ဆက်တိုက်ဖမ်းတာတွေကို စစ်ကောင်စီက လုပ်လာတာဖြစ်တယ်လို့”သူကဆိုပါတယ်။
ရခိုင်ဒေသခံ အများစုဟာ ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ပြီးနောက်ပိုင်းမှာ တိုက်ပွဲ အခြေအနေတွေကြောင့်ဧရာဝတီ တိုင်းနဲ့ ရန်ကုန်တိုင်းလိုနေရာတွေကိုထွက်ပြေးတိမ်းရှောင်လာခဲ့ကြရပါတယ်။