CAN ၊မြတ်သူ။
ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတွေ မှာ စစ်ဘေးရှောင်နေထိုင်နေကြတာကနေ နေရပ်ကို ပြန်နေကြတဲ့ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ဖမ်းဆီးစစ်ဆေးတာ နဲ့ ပါလာတဲ့ ပစ္စည်းတွေကို သိမ်းယူတာကို ဆက်တိုက်လုပ်ဆောင်တာတွေ ရှိနေတယ်လို့ စစ်ကောင်စီဆီမှာ စစ်ဆေးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ရခိုင်ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်တောင်ပိုင်းက မြို့နယ်တွေ ဖြစ်ကြတဲ့ တောင်ကုတ်၊သံတွဲ၊အမ်း နဲ့ ဂွမြို့နယ်တွေက ဒေသခံပြည်သူတွေဟာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးချိန်တွေမှာ ရခိုင်ဒေသခံတချို့ဟာ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းက နေရာဒေသအသီးသီးကို ထွက်ခွါကာပြီးတော့ စစ်ပွဲ နဲ့ ဘေးလွတ်ရာ နေရာတွေမှာ နေထိုင်နေခဲ့ကြပါတယ်။
အဲဒီနောက် အာရက္ခတပ်တော်ဟာ တောင်ကုတ်၊သံတွဲ၊အမ်း နဲ့ ဂွမြို့နယ်တွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အကုန်မှာ စစ်ကောင်စီလက်ထဲကနေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိ အဲဒီမြို့တွေမှာ စစ်ကောင်စီရဲ့ လေကြောင်း အန္တရာယ်တစ်ခုကလွဲပြီး တခြားတိုက်ပွဲတွေ ဖြစ်ပွါးတာ မရှိတော့တဲ့ အတွက် ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းမှာ စစ်ဘေးရှောင်နေထိုင်နေကြတဲ့ ရခိုင်ပြည်သူတွေ ဟာ မိမိနေရပ်ကို ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့ အတွက် လာရောက်နေကြတာလည်း ဖြစ်ပါတယ်။
အဲဒီလို ပြန်လည်ဝင်ရောက်လာနေသူတွေကို စစ်ကောင်စီစစ်ဆေးရေး ဂိတ်တွေက ဖမ်းဆီးစစ်ဆေးတာတွေ ရှိသလို ပါလာတဲ့ ရွှေ နဲ့ ငွေသား အပါအဝင် ပစ္စည်းတွေကို အကုန်သိမ်းဆည်းတာတွေ ရှိနေတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ရန်ကုန်က တောင်ကုတ်ကိုပြန်အလာ မင်းတုန်းမြို့စစ်ကောင်စီစစ်ဆေးရေး ဂိတ်မှာ စစ်ဆေးခံခဲ့ရပြီး ငွေသား ၃သိန်း နဲ့ ပစ္စည်းတချို့ကို သိမ်းယူတာ ခံခဲ့ရတဲ့ တောင်ကုတ်မြို့က နေရပ်ပြန် အမျိုးသမီးတစ်ဦးက CNA ကို ပြောပါတယ်။
“ဟုတ်ပါတယ် အဲဒီသတင်းက အမှန်ပါ ကျမကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပါ။ကျမမှာ ပါလာတဲ့ ငွေသား သုံးသိန်း နဲ့ အိမ်အတွက်ဝယ်လာတဲ့ ပစ္စည်းတချို့ကို မင်းတုန်းမြို့စစ်ကောင်စီစစ်ဆေးရေး ဂိတ်က သိမ်းထားလိုက်ပါတယ်။ဒီကပစ္စည်းတွေကို ရခိုင်ကို ယူခွင့်မရှိဘူးဆိုပြီးတော့ သိမ်းထားလိုက်တာပါ။ကျမတို့ တစ်ဖွဲ့မှာဆိုရင် အကုန် ၈ ယောက်ပါ ပါတဲ့ သူတွေ အကုန်လုံးပစ္စည်းတွေကို သိမ်းထားလိုက်တာ ရွှေတွေက အစသိမ်းတာပါ”လို့ သူကပြောပါတယ်။
အဲဒီလို ပစ္စည်းတွေကို သိမ်းဆည်းထားလိုက်ပြီး ပြန်လည်လွှတ်ပေးသူတွေ ရှိသလို ဖမ်းဆီးထားခံရတဲ့ သူတွေလည်း ရှိတယ်လို့ သိရှိခဲ့ရကြောင်း သူက ဆက်လက်ပြောဆိုပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာလည်း ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ရာကနေ မိမိနေရပ်ကို ပြန်ဝင်လာကြတဲ့ ဂွ နဲ့ သံတွဲမြို့က ဒေသခံ ၁၂ ဦး နဲ့ ဆိုင်ကယ်မောင်းသူ ၄ ဦးတို့ဟာ ရိုးလမ်းဖြတ်အကျော်မှာ စစ်ကောင်စီတပ်တွေ နဲ့ တွေ့ကာ အကုန်ဖမ်းဆီးခံခဲ့ရပြီး လက်ရှိ အဲဒီဖမ်းဆီးခံရတဲ့ ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတပ်တွေက ရေကြည်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားရှိကြောင်း ကြားသိရတယ်လို့ ဂွ နဲ့ သံတွဲ မြို့တွေက စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
“ဖမ်းခံရတဲ့ ဒေသခံတွေကတော့ ဂွ နဲ့ သံတွဲက စစ်ရှောင်တွေလို့ ပြောတယ်။ကလေးတွေလည်း ပါတယ်လို့သိရတယ်။ဟိုမှာနေလို့ အဆင်မပြေတော့လို့ သူတို့က ကိုယ့်ဆီက ပြန်ဝင်လာတာ အဲဒါ ရိုးလမ်းပေါ်မှာ ညဖက် စစ်ကောင်စီလှည့်ကင်းနဲ့ တွေ့ပြီး ရခိုင်ကလည်း ဖြစ်နေတော့ အကုန်ဖမ်းသွားတာလို့သိရတယ်။ တုတ်တုတ်ဆရာ ၄ ယောက် ပြီးတော့ကလေးတွေ မိဘတွေ ၁၂ နှစ်ယောက်လို့ သိရတယ်။ ကျနော်တို့ စုံစမ်းရသလောက်ကတော့ လက်ရှိကတော့ သူတို့ကို ရေကြည်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရတယ် ပြန်လွတ်ဖို့ အတွက်ကိုလည်း ကြိုးစားဆောင်ရွက်နေတာတွေလည်း ရှိနေတယ်”လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ရေကြည်မြို့နယ် မြောက်စမ်းရွာမှာ စစ်ဘေးရှောင်လာရောက်နေထိုင်နေကြတဲ့ ရခိုင်ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်တွေ က ဖမ်းဆီးခဲ့တာတွေ ရှိခဲ့ပြီး လက်ရှိမှာ အဲဒီ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေ ဟာလည်း မိသားစုတွေ နဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ဆိုပါတယ်။
လက်ရှိမှာတော့ ပြည်မဒေသတွေကို တိုက်ပွဲရှောင်ထွက်ခွါသွားကြတဲ့ ရခိုင်ဒေသခံပြည်တွေဟာ လက်ရှိမှာ မိမိနေရပ်ဒေသတွေကို ပြန်လည်ဝင်ရောက်နေထိုင်နိုင်ဖို့ အတွက် တောလမ်းအတိုင်း ပွဲစားငှားသွားရမ်းတာတွေ ရှိနေသလို နောက်ထပ် ရရာနည်းလမ်းတွေ နဲ့ မိမိနေရပ်မှာ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ဖို့ အတွက် သွားရောက်နေကြတာတွေလည်း ရှိနေကြတယ်လို့ သိရပါတယ်။