CNA ၊ မြတ်သူ။
သံတွဲမြို့နယ်၊ ငပလီမြို့ က စစ်ရှောင်တွေကို အာရက္ခတပ်တော် အနေ နဲ့ နေရပ်မှာ ပြန်လည်ဝင်ရောက်နေဖို့အတွက် ခွင်ပြုပေးစေချင်နေပြီးဖြစ်တယ်လို့ စစ်ဘေးရှောင် ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။
အာရက္ခတပ်တော်ဟာ သံတွဲမြို့ နဲ့ ငပလီမြို့ကို စစ်ကောင်စီလက်ထဲကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ကတည်းကပင် အပြီးသတ်သိမ်းပိုက်ရရှိထားခဲ့ပြီး ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ငပလီကမ်းခြေရပ်ကွက် တွေဖြစ်ကြတဲ့ ဂေါ့၊ မဇင် ၊စပါးကြီး၊ဇီးဖြူကုန်း၊လင်းသာ၊မြပြင်၊ဂျိတ္တောရပ်ကွက်တွေက စစ်ဘေးရှောင်ပြည်သူ ၂၀၀၀၀ ကျော်လောက်ဟာ မိမိနေရပ်မှာပြန်လည်ဝင်ရောက် နေထိုင်ဖို့ အတွက် အာရက္ခတပ်တော်က ခွင့်ပြုချက်မပေးသေးတာကြောင့် စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရဆဲဖြစ်ပါတယ်။
အဲဒီလို မိမိနေရပ်ကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်မရသေးတဲ့အတွက် စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြရတဲ့ဒေသခံ ပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲတွေ၊ကျန်းမာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကာ နေထိုင်နေကြရတာ ဖြစ်တဲ့အတွက် မိမိနေရပ်မှာ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ကို အာရက္ခတပ်တော် အနေ နဲ့ ခွင့်ပြုပေးဖို့ လိုအပ်နေပြီးဖြစ်တယ်လို့ ဂျိတ္တောရပ်ကွက်က စစ်ဘေးရှောင်စခန်း မှာ နေထိုင်နေတဲ့ ဒေသခံ အမျိုးသမီး တစ်ဦးက တောင်းဆိုပါတယ်။
“နေရပ်မှာ ပြန်ပြီးနေထိုင်ခွင့်ရရင်တော့ ကိုယ့်အိမ်ကိုယ့်ရာမှာ စိုက်ပျိူးစားသောက်လို့ ရတယ် အခုစစ်ရှောင်စခန်းမှာနေရတာကမလွယ်ဘူး အလှူရှင်လာလှူတာကိုပဲ မျှော်နေရတယ်။ဘာမှလည်း လုပ်ကိုင်စားသောက်လို့ မရဘူး ပြီးတော့ ကျန်းမာရေး ကိစ္စတွေကလည်း ရှိတော့ တစ်ခုခုဖြစ်ပြီဟေ့ဆိုရင် အကုန်တန်းစီပြီး ဖြစ်လာတာ နေရပ်ကိုတော့ ပြန်ဝင်ခွင့် ပြုပေးစေချင်နေပြီ” လို့ သူက တောင်းဆိုပါတယ်။
ဒါ့အပြင် မကြာမှီကာလအတွင်းမှာလည်း မိုးရာသီကို ရောက်ရှိလာတော့မှာ ဖြစ်တဲ့ အတွက် စစ်ရှောင်ပြည်သူတွေ အနေ နဲ့ မိမိနေရပ်မှာ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်မှုတွေကိုလုပ်ဆောင်ရမှာ ဖြစ်တဲ့ အခုလိုအချိန်မှီ နေရပ်ပြန်ခွင့် ရဖို့ အတွက်ကို စစ်ရှောင်ပြည်သူတွေ အနေနဲ့ တောင်းဆိုရတာဖြစ်တယ်လို့လည်း စစ်ဘေးရှောင်ပြည်သူတွေက ဆိုကြပါတယ်။
ဂေါ့ရပ်ကွက် အတွင်းက စစ်ဘေးရှောင်ထွက်ခွါလာတဲ့ ဒေသခံ တစ်ဦးပြောတာက “ကျနော်တို့က ဝင်သွားတယ်ဆိုတာနဲ့ အိမ်တွေက ဒီအတိုင်းတက်နေလို့ရတာတော့ မဟုတ်ဘူး အိမ်တွေကို ပြင်ဆင်ရမယ် ပြီးတော့ အခုက လျှပ်စစ်မီးကလည်း ရတာမဟုတ်တော့ ချက်ပြုတ်စားသောက်ရေးတွေ အတွက် ထင်းတွေဘာတွေက အစ အကုန်ပြင်ဆင်ကြရမှာ ဒီလိုမှ မိုးရာသီအတွင်းမှာ ကောင်းကောင်းနေထိုင်လို့ ရမှာ ဖြစ်တယ် အဲဒါကြောင့် နေရပ်ကို အမြန်ပြန်ဝင်ခွင့်ပေးပါလို့တောင်းဆိုရတာလည် ဖြစ်တယ်”လို့ သူကဆိုပါတယ်။
အာရက္ခတပ်တော်ဟာ စစ်ကောင်စီလက်ကနေ သံတွဲမြို့ နဲ့ ငပလီတစ်မြို့လုံးကို အပြီးသတ်သိမ်းပိုက်ပြီးနောက်မှာ အရပ်သားပြည်သူတွေ ဒေသအတွင်းမှာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ဖို့ အတွက် မိုင်းရှင်းလင်းရေးတွေကို ဆက်တိုက် လုပ်ဆောင်ပေးတာတွေလည်း ရှိနေသလို ဒေသခံတချို့ကိုလည်း ပြန်လည်ဝင်ရောက်နေထိုင်ခွင့် ပြုတာတွေလည်း ရှိနေပြီးဖြစ်တယ်လို့သံတွဲမြို့ခံတစ်ဦးက အခုလို ပြောပါတယ်။
“အဲဒီကမ်းခြေဖက်က သူတွေကတော့ ဘာကြောင့် မဝင်ရတာလည်း ကျနော်တို့လည်း မသိဘူး ။ နေထိုင်ခွင့်ပြုတဲ့နေရာတွေတော့ ရှိနေပါတယ်။ဒါပေမယ့် ပြန်မဝင်ရသေးတဲ့ သူတွေတော့ များနေတာပေါ့။ဘာကြောင့်ဝင်ခွင့် မရဘူးလည်း ဆိုတာကိုတော့ ကျနော်တို့မသိဘူးလို့ “ သံတွဲ မြို့တွင်းက ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီဖြစ်တဲ့ ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ စစ်ကောင်စီလက်ထဲက နေ အာရက္ခတပ်တော်အပြီးသတ်သိမ်းပိုက်ပြီးဖြစ်တဲ့ တောင်ကုတ်မြို့ အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို အာရက္ခတပ်တော် က မိမိနေရပ်မှာ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ အတွက် ခွင့်ပြုပေးခဲ့တာတွေ ရှိခဲ့ပြီး နေရပ်အတွင်းမှာ ပြန်လည်ဝင်ရောက် နေထိုင်သူတွေ အနေနဲ့လည်း စစ်ကောင်စီရဲ့ လေကြောင်း ရန်ရှိနေသေးတာ ကြောင့် ဗုံးခိုကျင်းတွေ တူးဖို့ လူစုလူဝေးတွေ မလုပ်ကြဖို့ကို အာရက္ခတပ်တော် နဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက တိုက်တွန်းပြောဆိုတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။