Home သတင်း စစ်ဘေးရှောင် ဂွ နဲ့ သံတွဲမှာ စစ်ကောင်စီ နေဗီက မကြာမကြာပစ်ခတ်တာတွေလုပ်နေ

ဂွ နဲ့ သံတွဲမှာ စစ်ကောင်စီ နေဗီက မကြာမကြာပစ်ခတ်တာတွေလုပ်နေ

45
0
ရခိုင်ပင်လယ်ပြင်အတွင်းမှာ မြင်တွေ့ရတဲ့ စစ်ကောင်စီ နေဗီ။ပုံဟောင်း။CNA

CNA ၊ မြတ်သူ။

သံတွဲ နဲ့ ဂွပင်လယ်ပြင်အနီးမှာရှိနေတဲ့ စစ်ကောင်စီ နေဗီတွေက ကမ်းခြေတလျှောက်က ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ လှမ်းပစ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ကလည်း ဂွပင်လယ်ပြင် အနီးမှာ ရှိတဲ့ စစ်ကောင်စီ နေဗီတွေဟာ ကမ်းခြေတလျှောက်က ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ လှစ်ပစ်တာကြောင့် အာရက္ခတပ်တော် နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြတယ်လို့ ဂွ မြို့ခံတစ်ဦးက ပြောပါတယ်။

“အခုက နေဗီတွေက ဂွပင်လယ်ပြင်မှာ ရှိနေသေးတယ်။ တစ်ခါတစ်ခါ ကမ်းနားကို ကပ်လာပြီးတော့ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေ ရှိနေသေးတယ်။ဟိုတနေ့ကလည်း ပစ်လို့ အာရက္ခတပ်တော်က ပြန်ပစ်တော့ ပြန်ပြီးတော့ ပြေးသွားတယ် အမြဲတမ်းတော့ ၃ စီးလောက်က ဒီနေရာမှာ ရှိနေတယ်”လို့ သူကပြောပါတယ်။

အာရက္ခတပ်တော်ဟာ ဂွမြို့ နဲ့ သံတွဲမြို့အတွင်းမှာ ရှိတဲ့စစ်ကောင်စီ ရဲ့ တပ်စခန်းတွေ အပါအဝင် မောင်ရွှေလေးရေတပ်စခန်းကိုပါ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကုန်ပိုင်းကတည်းကပင် အပြီးသတ်သိမ်းပိုက် ရရှိခဲ့ပြီးဖြစ်ပါတယ်။

အဲဒီလိုစစ်စခန်းတွေ နဲ့ ရေတပ်စခန်းတွေကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်လိုက်ပြီးဖြစ်ပေမယ့် ဂွ နဲ့ သံတွဲ ပင်လယ်ပြင် အတွင်းမှာ ရှိနေတဲ့ စစ်ကောင်စီရဲ့ နေဗီတွေဟာ ပင်လယ်ပြင်အတွင်းကနေ တပ်ဆုတ်ထွက်ခွါသွားတာ မရှိသေးဘဲ အဲဒီ အနီးတဝိုက်က ရေပိုင်နက် အတွင်းမှာ စခန်းချကာ မကြာမကြာ ပြန်လည် လာရောက် ပစ်ခတ်တာတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း သံတွဲ ဒေသခံ တစ်ဦးက ပြောပါတယ်။

“အကုန်လုံးရေတပ်စခန်းတွေပါ သိမ်းပိုက်ထားပြီဆိုပေမယ့် သူတို့က ကမ်းနဲ့ ဝေးတဲ့ နေရာတွေမှာ ရှိနေတယ် အဲဒီကနေပြီး တစ်ခါတစ်ခါ ကမ်းကို လာပြီးတော့ ပစ်တယ် ။ အဓိက ကမ်းခြေဒေသမှာရှိတဲ့ ရွာတွေက စစ်ကောင်စီ နေဗီတွေ ရှိနေသေးတဲ့ အတွက်လုံ ခြုံမှုမရှိဘူးပေါ့”လို့ သူကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီ နေဗီတွေဟာ ဒေသအတွင်းက ငါးဖမ်းထွက်တဲ့ ဒေသခံ စက်လှေတွေကိုလည်း မြင်ရင်လည်း ဖမ်းဆီးခေါ်ယူတာတွေ အပြင် လက်နက်ကြီးတွေ နဲ့ လှမ်းပစ်တာတွေကိုလည်း လုပ်ဆောင်တာတွေ ရှိသေးတယ်လို့လည်းဆိုပါတယ်။

အဲဒီလို စစ်ကောင်စီတပ်တွေက လှမ်းပစ်တာကြောင့် ဒေသခံ ငါးဖမ်းသမားတွေဟာ ကမ်းဝေးငါးဖမ်းထွက်ဖို့ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ဒေသခံရေလုပ်သားတွေက ဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here