Home သတင်း စစ်ဘေးရှောင် အမ်းမှာ နေရပ်ပြန်ခွင့်မရသေးတဲ့ စစ်ရှောင်တွေ စားဝတ်နေရေး နဲ့ နေထိုင်ရေးတွေ ခက်ခဲနေ

အမ်းမှာ နေရပ်ပြန်ခွင့်မရသေးတဲ့ စစ်ရှောင်တွေ စားဝတ်နေရေး နဲ့ နေထိုင်ရေးတွေ ခက်ခဲနေ

42
0
အမိုးအကာမရှိဘဲ အဆင်ပြေသလို နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်များတွေ့ရစဉ်။CJ

CNA ၊ လင်းလင်း။

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်​ရရှိထားပြီးဖြစ်ပေမယ့် နေရပ်ပြန်ခွင့်မရဘဲ တောတောင်တွေ ထဲမှာနေထိုင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အများအပြားရှိနေဆဲ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ စစ်ကောင်စီ ရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ပါတယ်။

အဲဒီလို အာရက္ခတပ်တော်က အမ်းမြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက် ရရှိထားပြီးဖြစ်ပေမယ့် စစ်ကျန်လက်နက် နဲ့ မိုင်းအန္တရာယ်တွေကြောင့် နေရပ်ပြန်ခွင့် မပြုဘဲ တောတောင်တွေ ထဲမှာ လက်ရှိအချိန်ထိ အဆင်ပြေသလို စစ်ဘေးရှောင်တွေဟာ နေထိုင်နေကြရဆဲ ဖြစ်တယ်လို့ အမ်းမြို့ အတွင်းမှာ ရှိနေတဲ့ ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“စစ်ရှောင်အများစုကတော့ တောတောင်တွေ ထဲမှာ အဆင်ပြေသလိုနေထိုင်နေကြရတာပေါ့။တော်တော် များများကတော့ နေရပ်ပြန်ခွင့်မရဘူး လိုအပ်ချက်တွေကတော့ အများကြီးပဲ လောလောဆယ်မှာတော့ စားရေးသောက်ရေး နေထိုင်ရေးတွေက လိုအပ်နေတာပေါ့။နောက်တစ်ခုကတော့ ဆေးဝါးတွေ လိုအပ်နေတာပေါ့။ အဲဒီတောတောင်တွေ ထဲမှာက ဘာမှမရှိတာ။အလှူရှင်တွေ လာတာကိုပဲ စောင့်နေရတာ”လို့ သူကပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေ အနေ နဲ့ အခုလို နေရပ်ပြန်ခွင့်မရဘဲ ဆက်လက်နေထိုင်နေကြရမယ်ဆိုရင် လုံခြုံတဲ့ အမိုးအကာတွေ ရရှိဖို့ အတွက်လည်း အရေးတကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒီလိုသာ လုံခြုံတဲ့ အမိုးအကာတွေ မရှိဘဲ ဆက်လက်နေထိုင်နေရမယ်ဆိုရင် စစ်ဘေးရှောင်တွေ အနေ နဲ့ မိုးတွင်းရာသီမှာ အခက်အခဲများစွာ နဲ့ ရင်ဆိုင်ကြရမှာ ဖြစ်တဲ့ အတွက် ဒီကိစ္စကို အာရက္ခတပ်တော် အနေ နဲ့ အတတ်နိုင်ဆုံးဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့လည်း အဲဒီဒေသ သတင်းရင်းမြစ်က ဆက်လက်ပြောဆိုပါတယ်။

“အခုက ဝင်ရမယ် မဝင်ရဘူးဆိုတာကိုလည်း တိတိကျကျ မသိရသေးတော့ မိုးတွင်းကာလရောက်လာရင် မဝင်ရသေးဘူးဆိုရင် စစ်ဘေးရှောင်တွေ တော်တော် ခက်ခဲမယ်။မဝင်ရသေးဘူးဆိုရင်တော့ မိုးလုံ တဲ့‌ နေရာကို ရောက်ဖို့လိုအပ်တယ်။ပြီးတော့ မိုးရာသီမှာဆိုရင် ကာလဝမ်းရောဂါ နဲ့ နှာစေးချောင်းဆိုးရောဂါတွေ အဖြစ်များတတ်တော့ ဒီကိစ္စတွေအတွက် ဆေးဝါးတွေ လိုအပ်မယ်။အဓိကတော့ ဒီကိစ္စတွေကို အကုန်လုံးကို အာရက္ခတပ်တော်က စီမံပေးရမှာ ဖြစ်တယ်”လို့ သူကဆိုပါတယ်။

အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တွေ ရဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကပင် စတင်ဖြစ်ပွါးခဲ့တာဖြစ်ပြီးတော့ အာရက္ခတပ်တော်ဟာ တစ်နှစ်ကျော်ကြာ တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့နယ် ၁၄ ခု နဲ့ ပလက်ဝဒေသကို စစ်ကောင်စီ လက်ထဲက နေအပြီးသတ်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။

အဲဒီလို အာရက္ခတပ်တော်က သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့ မြို့နယ်တွေမှာလည်း ဒေသခံတွေကို အာရက္ခတပ်တော်က နေရပ်ပြန်ဝင်ခွင့်တွေ ပေးနေတာတွေ ရှိနေပြီလည်း ဖြစ်ပါတယ်။ဒါပေမယ့် နေရပ်ပြန်ဝင်နေထိုင်ခွင့် ရတဲ့ မြို့နယ်တွေ က ဒေသခံ ပြည်သူတွေဟာလည်း စစ်ကျန်လက်နက်ပေါက်ကွဲမှု နဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် သေဆုံးဒဏ်ရာရတာ ဆက်တိုက်ဆိုသလို ရှိနေကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here