Home သတင်း စစ်ဘေးရှောင် စစ်တွေကနေ ပေါက်တောကို စစ်ရှောင်ထွက်ဖို့ လုပ်နေတဲ့ ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ နဲ့ ALP က ဖမ်းဆီးထား

စစ်တွေကနေ ပေါက်တောကို စစ်ရှောင်ထွက်ဖို့ လုပ်နေတဲ့ ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ နဲ့ ALP က ဖမ်းဆီးထား

160
0
စစ်တွေမြို့မြင်ကွင်း။CNA

CNA ၊လင်းလင်း။

စစ်တွေက နေ ပေါက်တောကို စစ်ဘေးရှောင်ထွက်ဖို့ လုပ်နေတဲ့ ဒေသခံ ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်တွေ နဲ့ ALP တပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတာ ရှိခဲ့တယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

ဖြစ်စဉ်မှာ ဧပြီလ ၂၂ ရက်နေ့ ညနေ ၅ နာရီကျော် အတွင်းက ဖြစ်ပွါးခဲ့တာ ဖြစ်ပြီးတော့ စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာ ဒေသခံ ၁၀ ကျော် အပါအဝင် စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ နေရာဒေသ အသီးသီးက ဒေသခံ ပြည်သူ ၃၀ ကျော်လောက်ဟာ စစ်တွေက နေ ပေါက်တောကို သွားရောက်ဖို့ စစ်တွေမြို့က (BXT)ကိုရီးယားဆိပ်ကမ်းအတွင်းမှာ ရှိတဲ့ စက်လှေပေါ် ထိုင်နေစဉ်မှာ စစ်ကောင်စီတပ်တွေ နဲ့ ALP တပ်ဖွဲ့ဝင်တွေက လာရောက်ကာ ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ သိရှိထားရကြောင်း စစ်တွေ ဒေသခံတစ်ဦးက CNA ကိုပြောပါတယ်။

“ဖမ်းတာကတော့ ၃၀ ကျော်လောက်ဖမ်းသွားတယ်ပြောတယ်။ထွက်ပြေးလို့ လွတ်မြောက်လိုက်တဲ့ သူတွေ လည်းရှိတယ်လို့ သိရတယ်။ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ မသိဘူး။အခုက အကုန်လုံးက စားဝတ်နေရေးတွေ ခက်ခဲနေကြတော့ ရေကြည်ရာ မြက်နှရာ ဖြစ်တဲ့ လုပ်ကိုင်စားသောက်လို့ ရတဲ့ နေရာကိုထွက်နေကြတာ အများကြီး။ဒါပေမယ့် အဲဒီပေါက်တောကို ထွက်ရင် စစ်ကောင်စီက ခဏခဏ ဖမ်းတာရှိလို့ လူတွေက သိမ်မထွက်ကြဘူး။အခုလည်း သူတို့ကို ပွဲစားကနေတဆင့် ထွက်ဖို့ အတွက်ဆိုပြီးငွေကြေးနဲ့ ထွက်တာလို့သိရတယ်။အခု ပွဲစားကလည်း ပျောက်နေတယ်လို့ သိရတယ်လို့”သူကပြောပါတယ်။

ဒီလို စစ်ဘေးရှောင်ဖို့ အတွက် စစ်တွေ ကနေ ပေါက်တောကို ထွက်ခွါကြတဲ့ သူတွေဟာ ရိုးရိုးသာမန်လူတန်းစားတွေ ဖြစ်ပြီးတော့ စားဝတ်နေရေးအခက်အခဲတွေ နဲ့ ရင်ဆိုင်ကြုံတွေ့လာရတာကြောင့် မိမိနေရပ်က အိုးအိမ်းတွေကို စွန့်ခွါကာ စစ်ဘေးရှောင်ပြည်သူတွေ အဖြစ်နဲ့ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်းကို မရှိရှိတာရောင်းချပြီးတော့ ထွက်ခွါကြသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဲဒီလို ထွက်ခွါတဲ့ နေရာမှာလည်း စစ်တွေကနေ ပေါက်တောကို ရောက်နိုင်ဖို့ အတွက် ပွဲစားကို လူတစ်ဦးလျှင် ငွေ ၅ သိန်းကျပ်ကနေပြီးတော့ ငွေ ၁၀ သိန်းကျပ်ထိပေးဆောင်ထားကြရတာ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီဖမ်းဆီးခံထားရတဲ့ သူတွေထဲမှာအမျိုးသားလူလတ်ပိုင်းတွေ အပါအဝင် ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင် နဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေတာဖြစ်ပြီးတော့ လက်ရှိ သူတို့ကို ပို့ဆောင်ပေးမယ်လို့ငွေယူထားတဲ့ ပွဲစားမှာလည်း ပျောက်ဆုံးနေတယ်လို့ သိရှိထားရကြောင်းသူကဆက်လက်ပြောဆိုပါတယ်။

“တစ်ယောက်ကို ၅ သိန်းကနေပြီးတော့ ၁၀ သိန်းထိပေးရတယ်လို့ ပြောတယ် ၅ သိန်းကနေ ၁၀ သိန်းဆိုတာက ကလေးဆို ၅ သိန်း မိသားစုလည်းများတယ်ဆိုတော့ လျှော့ပေးတဲ့ သဘောမျိုးနဲ့လို့ ပြောတယ်။ပြီးတော့ အခုသူတို့ကို လုပ်ပို့မယ်လို့ ပြောထားတဲ့ ပွဲစားကလည်း ဘယ်သူဘယ်ဝါမှန်းမသိဘဲ ပျောက်နေတယ်လို့ သိထားရတယ်”လို့ သူက ဆက်လက်ပြောဆိုထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ALP တပ်ဖွဲ့ဝင်တွေက ဘယ်မှာ ထားရှိတယ်ဆိုတဲ့ အချက်အလက်တွေကို မသိရှိရသေးရဘူးလို့ပြောဆိုမှုတွေလည်းရှိနေကြတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်တွေ မြို့နယ်အတွင်းမှာ ရှိနေတဲ့ ဗျိုင်ဖြူကျေးရွာ အပါအဝင် ကျေးရွာ ၂၀ ကျော်လောက်က ပြည်သူတွေကို ကျေးရွာအတွင်းမှာ မနေထိုင်ဖို့ နှင်ထုတ်ထားတာရှိပြီးတော့ အဲဒီလို နှင်ထုတ်ထားတဲ့ ဒေသခံ ပြည်သူတွေကိုလည်း စစ်ကောင်စီက အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်းကို စစ်ဘေးရှောင်ဖို့ သွားရောက်ခွင့် ပြုတာမရှိပဲ စစ်တွေ မြို့တွင်းမှာ ပိတ်လှောင်ထားတဲ့ အတွက် စစ်ကောင်စီနှင်ထုတ်လို့ ကျေးရွာတွင်းက ထွက်ပြေးလာကြရတဲ့ ဒေသခံ ပြည်သူတွေဟာ စားဝတ်နေရေး၊နေထိုင်ရေးအတွက် စိုးရိမ်ပူပန်နေကြရတာတွေအပြင် စစ်ကောင်စီတပ်တွေ နဲ့ ALPတပ်ဖွဲ့ဝင်တွေ ရဲ့ စစ်မှုထမ်း အတွက် အတင်းဖမ်းဆီးမှုတွေ ခံရမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here