Home သတင်း စစ်ဘေးရှောင် စစ်တွေမှာ စစ်ကောင်စီတပ်စခန်းရှိတဲ့ ကျေးရွာတွေကပြည်သူတွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီက ဖိအားပေးတာတွေလုပ်နေ

စစ်တွေမှာ စစ်ကောင်စီတပ်စခန်းရှိတဲ့ ကျေးရွာတွေကပြည်သူတွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီက ဖိအားပေးတာတွေလုပ်နေ

34
0
ပုံ - စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ပြည်သူတွေကို ဦးထိန်လင်းသွားရောက်တွေ့ဆုံနေမှု။MRTV

CNA ၊မြတ်သူ။

နေရပ်စွန့်ခွါပြီး စစ်တွေ မြို့ပေါ်မှာ စစ်ဘေးရှောင်ဖို့ ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီက နေရပ်အတွင်းမှာ ပြန်လည် ဝင်ရောက်နေထိုင်ကြဖို့ အတွက် ဖိအားပေး ပြောဆိုတာတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီ ရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းက စစ်တွေ မြို့မှာရှိတဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဓာတ်ဦးဘုန်းတော်ကြီးကျောင်း၊ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်း၊ဝဇ္ဇာသိန္ဓိဘုန်းတော်ကြီးကျောင်း တွေကိုသွားရောက်ပြီးတော့ အဲဒီမှာနေထိုင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နဲ့ တွေ့ဆုံကာ မိမိ နေရပ်ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့ကို စစ်ဘေးရှောင်ပြည်သူတွေကို ဖိအားပေးပြောဆိုခဲ့တာ ဖြစ်တယ်လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောပါတယ်။

“နေရပ်ပြန်တဲ့ သူတွေကို စစ်ကောင်စီက နေအိမ်ဆောက်ပေးဖို့ ပြောတယ် ပြီးတော့ ပြန်တာ နဲ့ ငွေကျပ် ၇သိန်းထောက်ပံ့မယ်လို့လည်းပြောတယ် ။တချို့ပြန်ချင်တဲ့ သူတွေလည်း ရှိတော့ ပြန်ကြတယ် မပြန်ချင်တဲ့ သူတွေလည်းရှိတယ်။ဒီမှာနေရတာက ခက်ခဲတော့ လူတိုင်းကတော့ ပြန်ချင်ကြတယ်။ဒါပေမယ့်လုံခြုံရေးကို စိုးရိမ်ရတော့ ပြန်ချင်ပေမယ့် မပြန်တဲ့သူတွေလည်း ရှိတယ်”လို့ သူကပြောပါတယ်။

အဲဒီလို စစ်ကောင်စီက နေရပ်ပြန်ခိုင်းတဲ့ အထဲမှာ သူတို့ တပ်စခန်းတွေ ရှိနေတဲ့ စစ်တွေ မြို့နယ်အတွင်းက ကျားမသောက်၊ကျောက်တန်းကြီး၊ကျောက်တန်းချေကျေးရွာတွေက ဒေသခံပြည်သူတွေကိုအလေးထားဖိအားပေးပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အခုလို စစ်ကောင်စီတပ်စခန်းတွေ ရှိတဲ့နေရာက ပြည်သူတွေကို စစ်ကောင်စီအနေ နဲ့ နေရပ်ပြန်ဖို့ အတင်းဖိအားပေးပြောဆိုလာတဲ့ အပေါ်မှာ စစ်တွေ မြို့ စစ်ရေးအခြေ အနေကို စောင့်ကြည့်နေသူ တစ်ဦး သုံးသပ်ပြောဆိုတာက “ကျနော်အမြင်ကို ပြောရရင်တော့ သူတို့က အဲဒီက စစ်ဘေးရှောင်တွေကို ပြန်လွတ်ချင်လို့ လွတ်တာတော့ မဟုတ်ဘူး သူတို့ပဲ အဲဒီက စစ်ဘေးရှောင်တွေကို နှင်ထုတ်ထားတာရွာက အခုမှ ပြန်လွတ်တယ်ဆိုတော့ ပထမတချက်က သူတို့ ပြည်သူတွေကို လူသားဒိုင်းကာ အနေ ထားချင်တာ တချက်၊ဒုတိယတချက်ကတော့ သူတို့ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တဲ့ အခါမှာ အာရက္ခတပ်တော်က ပြန်ပစ်တော့ အဲဒီရွာတွေထဲထိကျတာရှိတယ် ပြည်သူတွေကို အာရက္ခတပ်တော်က သတ်နေပါတယ်ဆိုတဲ့ ဟာမျိုးကို ပြချင်လို့ ပြန်ခိုင်းတာ တစ်ချက်လို့ မြင်တယ်”လို့ သူကသုံးသပ်ပြောပါတယ်။

အဲဒါကြောင့် ဒေသခံပြည်သူတွေ အနေ နဲ့ မိမိနေရပ်အတွင်းမှာ လုံခြုံမှုမရှိတဲ့ အခြေအနေတွေမှာ ရှိလာနိုင်တာကြောင့် နေရပ်ပြန်လည်ဝင်ရောက် နေထိုင်ဖို့ဆိုတဲ့ ကိစ္စဟာ အထူးသတိထားစရာ ကိစ္စတစ်ရပ်ဖြစ်တယ်လို့လည်း သူကသုံးသပ်ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ စစ်တွေမြို့ မကျရှုံးစေရေးအတွက် လက်ရှိမှာလည်း စစ်အင်အားဖြည့်တင်းတာ ခံစစ်အတွက် အဆောက်အဦးတွေ အခိုင်အမာတည်ဆောက်တာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်တာတွေ ရှိနေသလို မကြာခဏဆိုသလိုလည်းစစ်ကောင်စီတပ်စခန်းတွေက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေလုပ်ဆောင်နေတာလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အာရက္ခတပ်တော် အနေ နဲ့ လက်ရှိရခိုင်မှာ စစ်ကောင်စီလက်ထဲကနေသိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်တွေ ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here