CNA ၊ မြတ်သူ။
နေရပ်ပြန်ခွင့်မရသေးဘဲ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရတဲ့ သံတွဲက စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာကူညီပေးရေးတွေ အတွက်လိုအပ်နေတယ်လို့ စစ်ဘေးရှောင် အရေးကူညီပေးနေသူတွေကို ပြောပါတယ်။
သံတွဲ မြို့နယ် တစ်ခုလုံးကို စစ်ကောင်စီလက်ထဲကနေ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်လိုက်ပြီးဖြစ်ပေမယ့် ကမ်းခြေဒေသ နဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်ခဲ့တဲ့ ကျေးရွာတွေက ဒေသခံ စစ်ဘေးရှောင်ပြည်သူတွေဟာ မြေမြုပ်မိုင်း အန္တရာယ် နဲ့ စစ်ကောင်စီ နေဗီတွေက လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေသေးတာကြောင့် အာရက္ခတပ်တော်က နေရပ်ပြန်ဝင်ခွင့်မပေးသေးတာလည်း ဖြစ်ပါတယ်။
အဲဒီလို နေရပ်ပြန်ဝင်ခွင့်မရသေးဘဲ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိမှာ အလုပ်အကိုင်မရှိတာ၊ ဝင်ငွေ မရှိတာတွေကြောင့် စားသောက်ရေး အတွက် အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရတဲ့ အတွက် စားနပ်ရိက္ခာထောက်ပံ့ရေးအတွက် စားသောက်ရေး အခက်အခဲတွေ နဲ့ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ သံတွဲ စစ်ဘေးရှောင်အရေး ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။
“လူဦးရေကတော့ ၂ သောင်းကျော်လောက်ရှိဦးမယ်။အခုက မိုးရာသီကလည်းဖြစ် အလုပ်အကိုင်ကလည်း ရှားပါးတော့ ပြည်သူတွေက စားဝတ်နေရေး ခက်ခဲလာကြတာ ဖြစ်တယ်။တိုက်ပွဲကာလကလို ကူညီပေးတဲ့ သူတွေကလည်း နည်းလာတော့ ခက်ခဲလာတာပေါ့။ကျနော်တို့ ပရဟိတအဖွဲ့တွေကလည်း အလှူငွေရရှိမှုကလည်း နည်းတော့ သူတို့ကို လုံလောက်အောင် မထောက်ပံ့နိုင်ဘူး။စစ်ရှောင်တွေက တော်တော် ခက်ခဲနေတယ်”လို့ သူကပြောပါတယ်။
သံတွဲမြို့ ၊ငပလီမြို့တွေက ဒေသခံတွေဟာ အဓိက ဟိုတယ်လုပ်ငန်း၊ရေ လုပ်ငန်း နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်ကြတဲ့ ဒေသတွေလည်းဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ ငါးဖမ်းလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်း၊ဟိုတယ်လုပ်ငန်းတွေကလည်း ရပ်နားထားရတာကြောင့် နေရပ်ပြန်ခွင့်ရတဲ့ ဒေသခံပြည်သူ အများအပြားဟာ စားဝတ်နေရေးအတွက်အခက် အခဲတွေ နဲ့ ရင်ဆိုင် နေရတယ်လို့ နောက်ထပ် သံတွဲမြို့ခံ တစ်ဦးက ပြောပါတယ်။
“အဓိက ကျနော်တို့မြို့က ဟိုတယ်လုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်း၊ရေလုပ် ငန်းတွေ နဲ့ အသက်မွေးဝမ်းကြောင်းလုပ်တဲ့ ဒေသဖြစ်တယ်။အခုက ဟိုတယ် နဲ့ ဆောက်လုပ်ရေးလုပ်ငန်းက လုံးဝမလုပ်ရဘူး။ငါးဖမ်းတာကလည်း ကမ်းနီးပဲရတယ် အဝေးသွားမရဘူး စစ်ကောင်စီနေဗီတွေရှိနေတယ်။စားဝတ်နေရေး ကတော့ အကုန်လုံးခက်ခဲနေကြတာ ဖြစ်တယ်”လို့ သူကပြောပါတယ်။
သံတွဲမြို့နယ်ကို အာရက္ခတပ်တော်ဟာက စစ်ကောင်စီလက်ထဲကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။