Home သတင်း စစ်ဘေးရှောင် နဝဒေးတံတားဂိတ်မှာ ဖမ်းခံရတဲ့ တောင်ကုတ်ဒေသခံတွေကို ငွေမပေးရင် စစ်မှုထမ်းသင်တန်းကို ပို့မယ်လို့ စစ်ကောင်စီအရာရှိတွေ ခြိမ်းခြောက်နေ

နဝဒေးတံတားဂိတ်မှာ ဖမ်းခံရတဲ့ တောင်ကုတ်ဒေသခံတွေကို ငွေမပေးရင် စစ်မှုထမ်းသင်တန်းကို ပို့မယ်လို့ စစ်ကောင်စီအရာရှိတွေ ခြိမ်းခြောက်နေ

38
0

CNA ၊ မြတ်သူ ။

ပဲခူးတိုင်း၊ ပြည်မြို့က နဝဒေးတံတားဂိတ်မှာ စစ်ကောင်စီတပ်တွေ ရဲ့ ဖမ်းဆီးတာကိုခံခဲ့ရတဲ့ တောင်ကုတ်ဒေသခံတွေ အနေ နဲ့ သူတို့ တောင်းတဲ့ ငွေကို မပေးရင် စစ်မှုထမ်းသင်တန်းကို ပို့မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဖမ်းဆီးခံရသူတွေ နဲ့ နီးစပ်တဲ့ သူတွေကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ တောင်ကုတ်ဒေသခံ ၄၉ ဦးဟာ တောင်ကုတ်ကနေပြီးတော့ ရန်ကုန်မြို့ကို အလုပ်လုပ်ကိုင်ကြဖို့ထွက်ခွါလာကြသူတွေ ဖြစ်ကြပြီးတော့ ဇွန်လ ၂၅ ရက်နေ့ နဲ့ ဇွန်လ ၂၇ ရက်နေ့တွေမှာ နဝဒေးတံတား စစ်ဆေးရေးဂိတ်အရောက်မှာ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ တွေ ထဲမှာ အသက်ကြီးပိုင်း ၄ ဦး သာပါပြီးတော့ ကျန်တဲ့ ဖမ်းဆီးခံရသူ ၄၉ ဦးဟာ လူငယ်တွေ ဖြစ်ကြတယ်လို့ဆိုပါတယ်။ အဲဒီဖမ်းဆီးခံထားတဲ့ သူတွေထဲက အသက်ကြီးပိုင်း ၄ ဦးကတော့ စစ်ကောင်စီတပ်တွေ တောင်းတဲ့ ငွေကို ပေးနိုင်တာကြောင့် ပြန်လွှတ်ပေးလိုက်ပြီးတော့ ကျန်ရှိနေသေးတဲ့ လူငယ် ၄၅ ဦးကိုတော့ ငွေမပေးနိုင်တာကြောင့် စစ်ကောင်စီက အမှတ် ၉၅၉ တပ်ရင်းကို ပို့ဆောင်ကာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အဲဒီဖမ်းဆီးခံထားရသူတွေထဲမှာ ရန်ကုန်မှာ မိသားစုရှိသူတွေပါဝင်ပြီးတော့ ဖမ်းဆီးခံထားရသူတွေ နဲ့ တွေ ခွင့်ရဖို့ အတွက် သွားရောက်တာတွေ ရှိနေပေမယ့် သူတို့တောင်းထားတဲ့ တစ်ဦးကို ငွေကျပ် သိန်း ၅၀ မပေး တွေ့ခွင့်ပေးမှာလည်း မဟုတ်သလို ပြန်လွတ်ပေးမှာလည်း မဟုတ်ဘဲ စစ်သင်တန်းကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေတယ်လို့ ဖမ်းဆီးခံထားရတဲ့ သူတွေ နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“အသက်ကြီးပိုင်း ၄ ဦးကတော့ ငွေပေးနိုင်လို့ ပြန်လွတ်လာပြီ။အခုကျန်နေတာကငွေမပေးနိုင်သေးတဲ့ အသက်ငယ်ပိုင်းတွေပါ။ ကျနော်သိရသလောက် သူတို့က ဟိုမှာ အလုပ်အကိုင်မရှိလို့ ဒီဘက်ကို အလုပ်လုပ်ဖို့ အတွက်လာကြတာလို့ သိရတယ်။တချို့က ရန်ကုန်မှာ မိသားစုတွေ ရှိကြတယ်။ရန်ကုန်မှာ ရှိတဲ့ မိသားစုတွေ သွားတွေ့တော့ ငွေပေးရမယ်လို့ ပြောတယ်လို့ ပြောတယ်။ တစ်ယောက်ကို သိန်း ၅၀ လို့ ပြောတယ်။ အကုန်လုံးက အဆင်မပြေလို့ တက်လာကြတာ ဖြစ်တော့ သိန်း ၅၀ က ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ မပေးရင်လည်း စစ်သင်တန်းပို့မယ်လို့ ပြောလိုက်တယ်လို့ ပြောတယ်။တချို့ကတော့ ငွေရှာနေကြတယ် ပြန်ရွေးဖို့ အတွက်”လို့ သူကပြောပါတယ်။

အခုလို ငွေမပေးရင် စစ်မှုထမ်းသင်တန်းကို ပို့မယ်လို့ ပြောဆိုတာတွေ ရှိလာတဲ့ အတွက် မိသားစုတွေ အနေ နဲ့ စိုးရိမ်ပူပန်မှုတွေရှိနေကြပြီးတော့ တချို့မိသားစုတွေကတော့ ငွေရှာတာတွေကို လုပ်ဆောင်နေကြတယ်လို့လည်းဆိုပါတယ်။

လက်ရှိဖမ်းဆီးခံရတဲ့ တောင်ကုတ်ဒေသခံ ၄၀ ကျော်ဟာ တောင်ကုတ်ကနေပြီးတော့ ရန်ကုန်ကို လာရောက်ဖို့ အတွက်လည်း ပွဲစားဖြစ်တဲ့ ကိုညီညီကိုလည်း တစ်ဦးကို ငွေ ၁၂ သိန်းကျပ်အထိပေးထားရပြီးတော့ ဒေသခံတွေ ဖမ်းဆီးခံရချိန်မှာ ကိုညီညီဟာ ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ တောင်ကုတ်တိုက်ပွဲ ဖြစ်ချိန်ကတည်းကပင် စစ်ပွဲကြောင့် ရန်ကုန်ကို စစ်ဘေးရှောင်ဖို့ထွက်ကြတဲ့ ဒေသခံတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်ရှိခဲ့ပြီးတော့ အခုလိုပဲ ငွေပေးသူတွေကို ပြန်လွတ်ပေးတာတွေ ရှိခဲ့ပြီး ငွေမပေးနိုင်တဲ့ သူတွေကိုတော့ မိသားစု နဲ့လည်းတွေ ခွင့်မရ ဆက်သွယ်ခွင့်မရဘဲ ပျောက်ဆုံးသွားသူတွေလည်း အများအပြားရှိနေတယ်လို့လည်း နောက်ထပ် တောင်ကုတ်မြို့ ခံတစ်ဦးက ပြောပါတယ်။

“ဖမ်းတာကတော့ အခုမှဖမ်းတာတော့ မဟုတ်ဘူး အရင်တုန်းကတည်းကပင်လည်း ဖမ်းတာတွေ ရှိတယ်။နားကပ်ပါရင် နားကပ်ပေး ဆွဲကြိုးပါရင်ဆွဲကြိုးပေး နဲ့ ပြန်လွတ်လာတဲ့ သူတွေ ရှိတယ် မပေးနိုင်တဲ့ သူတွေဆိုရင်တော့ ဘယ်ရောက်သွားလို့ ရောက်သွားမှန်းမသိဘဲ ပျောက်သွားတာတွေလည်း အများကြီးရှိတယ်”လို့သူကပြောပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ချိန်မှာ စစ်ကောင်စီဟာ သွားလာခွင့် ကုန်စည်သယ်ယူခွင့်တွေကို ကန့်သတ်တားမြစ်လိုက်တာကြောင့် ရခိုင်က မြို့တွေမှာရှိတဲ့ဒေသခံ အများစုဟာ အလုပ်လက်မဲ့ ဖြစ်တာ၊ကုန်စေ◌ျးနူန်းအဆမတန်မြင့်တက်တဲ့ ဒဏ်တွေကို ရင်ဆိုင်ခံစားခဲ့ရပြီးတော့ စားဝတ်နေရေးအတွက်ပင် များစွာ အခက်အခဲတွေ နဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

လက်ရှိမှာလည်း တောင်ကုတ် ၊ သံတွဲ၊ဂွ နဲ့ ရမ်းဗြဲမြို့တွေကို စစ်ကောင်စီလက်ထဲကနေပြီး အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီး ဖြစ်ပေမယ့် အလုပ်အကိုင်မရှိတာကြောင့် စားဝတ်နေရေး ခက်ခဲမှုများစွာ နဲ့ ရင်ဆိုင်နေကြရတဲ့ အတွက် မိမိဒေသ အတွင်းက နေရပ်ကိုစွန့်ခွါကာ ပြည်မဘက်ကိုသွားရောက်ကာ အခက်အခဲ များစွာ နဲ့ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွါနေကြတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here