CNA ၊ မြတ်သူ။
နေရပ်ပြန်ဝင်ခွင့်မရသေးတဲ့ အမ်း နဲ့ သံတွဲ က စစ်ဘေးရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေး နဲ့ ဆေးဝါးအကူအညီပေးရေးတွေ အတွက် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အမ်းမြို့ နဲ့ သံတွဲမြို့ တွေကို အာရက္ခတပ်တော်က အပြီးသတ်ထိန်ချုပ်ထားပြီးဖြစ်ပေမယ့် မိုင်း အန္တရာယ်၊လေကြောင်း အန္တရာယ်တွေ ရှိနေသေးတာကြောင့် ဒေသခံ တချို့ဟာ လက်ရှိအချိန်အထိ နေရပ်ပြန်ဝင်ခွင့် မရကုသေးဘဲ အဆင်ပြေသလိုနေထိုင်နေကြရပြီးတော့ နေထိုင်စားသောက်ရေး နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတာလည်း ဖြစ်အပါတယ်။
လက်ရှိ အမ်းမြို့နယ်အတွင်းမှာတော့ နေရပ်ပြန်ဝင်ခွင့်မရသေးတဲ့ စစ်ဘေးရှောင်အပြည်သူတွေ ဟာ ၂၀၀၀ ကျော်လောက်ထိ ရှိသေးတာဖြစ်ပြီး လက်ရှိ အဲဒီစစ်ရှောင်ပြည်သူတွေဟာ တောတောင်၊လယ်ကွင်း၊စာသင်ကျောင်း နဲ့ ဘုန်းကြီးကျောင်းတွေမှာ အဆင်ပြေသလိုနေထိုင်နေကြရပြီးတော့ စားသောက်ရေး၊နေထိုင်ရေး နဲ့ ဆေးဝါးတွေပါ အကူအညီပေးဖို့ လိုအပ်နေတာဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူ တစ်ဦးက အခုလို ပြောပါတယ်။
“လက်ရှိ အမ်းမှာက စစ်ရှောင် ၂၀၀၀လောက်တော့ ရှိနေသေးတယ်။ဘုန်းကြီးကျောင်းတော့၊စာသင်ကျောင်းတော့မှာနေတဲ့ သူတွေကိုတော့ နေထိုင်ရေး အဆင်ပြေတယ်။စားသောက်ရေး နဲ့ ဆေးဝါးလိုတယ်။လယ်ကွင်း နဲ့ တောတောင်တွေမှာ နေတဲ့ သူတွေက အမိုးအကာတွေလည်းလိုတယ်။ပြီးတော့ စားသောက်ရေး အတွက်လည်းတော်တော်ခက်ခဲကြတယ်။အလုပ်ကလည်း မရှိတော့ ဝယ်လည်းမစာနိုင်ကြဘူး။ကျန်းမာရေး အတွက်ဆိုရင်လည်း ဆေးခန်းလည်း မရှိ။ဆေးလည်းမရှိတော်တော်ခက်ခဲကြတယ်”လို့ သူကဆိုပါတယ်။
အဲဒါကြောင့် နေရပ်ပြန်ဝင်ခွင့်မရသေးတဲ့ စစ်ဘေးရှောင်တွေ အတွက် နေထိုင်ရေး အတွက် အမိုးအကာ၊ကျန်းမာရေးအတွက် ဆေးဝါး နဲ့ စားသောက်ရေးတွေကို ဒီမိုးရာသီအတွင်းမှာ အရေးပေါ် ကူညီထောက်ပံ့တာတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလိုပဲ သံတွဲမြို့နယ်အတွင်းမှာလည်း နေရပ်ပြန်ဝင်ခွင့် မရသေးတဲ့ စစ်ဘေးရှောင်ပြည်သူဟာ ၈၀၀၀ ကျော်အထိရှိနေသေးတာ ဖြစ်ပြီးတော့ အဲဒီစစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း စားသောက်ရေး နဲ့ ဆေးဝါးတွေ ကူညီပေးဖို့ လိုအပ်မှုတွေတွေ ရှိနေတယ်လို့ သံတွဲမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ဆိုပါတယ်။
“စစ်ဘေးရှောင်ကတော့ ၈၀၀၀လောက်ကျန်နေသေးတယ် အဓိကတော့ ကမ်းခြေဒေသ နဲ့ စစ်ကောင်စီတပ်တွေ ရှိတဲ့ နေရာတွေက သူတွေပေါ့ ။စားသောက်ရေး နဲ့ ဆေးဝါးတွေကူညီပေးဖို့တော့လိုနေတယ်။ ကျနော်တို့လည်း တတ်နိုင်သလောက်တော့ ကူညီပေးနေတယ် အခုက တိုက်ပွဲကာလကလို အလှူရှင်တွေလည်း မရှိတော့ တော်တော်တော့ ခက်ခဲနေကြတယ်”လို့ သူကပြောပါတယ်။
အဲဒီလို စစ်ဘေးရှောင်တေွ အနေ နဲ့ မိုးရာသီကာလမှာ အခက်အခဲများစွာ နဲ့ နေထိုင်နေကြရတာကြောင့် နေရပ်ပြန်ခွင့် ရဖို့ အတွက်ကို လိုလားနေကြတာလည်းဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကဆိုပါတယ်။