သံတွဲကနေပြီးတော့ မြေပုံမြို့နယ်အတွင်းကို စစ်ဘေးရှောင် အဖြစ်နဲ့ ရောက်ရှိနေတဲ့ လသားအရွယ်ကလေးငယ် နဲ့ မိခင်ဖြစ်သူတို့ဟာ စားသောက်ရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရပြီးတော့ အရေးပေါ်အကူအညီတွေ ရရှိဖို့ လိုအပ်နေတယ်လို့ ကာယကံရှင် သားမိ နှစ်ဦးက ပြောပါတယ်။
အဲဒီလို အခက်အခဲကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်သားမိနှစ်ဦးကတော့ သံတွဲမြို့နယ်၊ငပလီမြို့ ၊ဂျိတ္တောရပ်ကွက် အုန်းဆန်စက်လမ်းမှာနေထိုင်ခဲ့ကြတဲ့ အသက် ၃၈ နှစ်အရွယ် မသန်းအေးနု နဲ့ သူမရဲ့ ၁၁ လသားအရွယ် သမီးငယ်တို့ ဖြစ်ကြပါတယ်။
သူတို့ သားမိဟာ သံတွဲတိုက်ပွဲ အပြင်းအထန်ဖြစ်ပွားချိန်မှာအာရက္ခတပ်တော် ရဲ့ အကူအညီ နဲ့ မြေပုံမြို့နယ်အတွင်းကို စစ်ဘေးရှောင် အဖြစ်နဲ့ ရောက်ရှိလာတာဖြစ်ပြီးတော့ လက်ရှိမှာလည်း အာရက္ခတပ်တော်က စီမံပေးထားတဲ့ မြေပုံမြို့နယ် အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုမှာနေထိုင်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ သူတို့ သားမိနှစ်ဦးမှာ နေထိုင်စရာနေရာ ရှိနေပြီးဖြစ်ပေမယ့် လသားအရွယ်ကလေးငယ်တစ်ဦး နဲ့ အလုပ်အကိုင် မလုပ်နိုင်တဲ့ အတွက်ထမင်းနပ်မှန်အောင်မစားရဘဲ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ မသန်းအေးနု က အခုလိုပြောပါတယ်။
“ဒီမှာနေဖို့ အတွက် အာရက္ခတပ်တော် ရဲ့ အုပ်ချုပ်ရေးမှူးတွေက စီစဉ်ပေးထားတယ်။ ဘယ်ကမှ အကူအညီရတာတော့မရှိသေးဘူ။ကလေးတစ်ယောက် နဲ့လည်း လုပ်ကိုင်စားသောက်လို့လည်း မရတော့ စားသောက်ရေးက အဆင်မပြေဘူး။ထမင်းလည်း နပ်မမှန်ဘူး။ အုပ်ချုပ်ရေးမှူးတွေဆီကို တစ်ခါတစ်ခါသွားရင်တော့ ဆန်တစ်တောင်း ပေးတာရှိတယ်။အဲဒါနဲ့စားသောက်နေရတယ်။အဆင်ကတော့မပြေဘူး။အရီးမှာက အမျိုးသားကလည်း လက်နက်ကြီးထိပြီးတော့ သေသွားခဲ့ရတယ်”လို့ သူကပြောပါတယ်။
မသန်းအေးနု ရဲ့ အမျိုးသားဟာ စစ်ကောင်စီက သံတွဲမြို့နယ် အတွင်းက ကင်းမော်ကျေးရွာကိုလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ချိန်မှာ ဗုံးစထိမှန်ပြီးသေဆုံးခဲ့ရတာ ဖြစ်ပြီးတော့ လက်ရှိမှာတော့ ၁၁ လသားအရွယ် ကလေးငယ်တစ်ဦး နဲ့ အားကိုအားထားရာမဲ့ကာ အစားအသောက် နပ်မမှန်တဲ့ ဘဝ နဲ့ မြေပုံမြို့နယ် အတွင်းက စစ်ဘေးရှောင်စခန်းမှာ အခက်အခဲများစွာ နဲ့ ဖြတ်သန်းနေရတာဖြစ်တယ်လို့လည်းဆိုပါတယ်။
အဲဒီလို လသားအရွယ် ကလေးငယ်တစ်ဦး နဲ့ ထမင်းနပ်မှန်အောင်မစားရဘဲ အခက်အခဲများစွာ နဲ့ ရင်ဆိုင်နေကြရတဲ့ အတွက် စားဝတ်နေရေး အဆင်ပြေနိုင်ဖို့ အတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်းမသန်းအေးနု က ဆိုပါတယ်။
“တစ်ခါတလေကျရင် အားကိုးစရာလူမရှိတော့ ထိုင်ပြီးတော့ ငိုတယ်။အရီမှာက အဖေ၊အမေတွေလည်း မရှိတော့ဘူး ယောကျ်ားလည်းမရှိတော့ဘူး အားကိုးစရာလူတစ်ယောက်မှ မရှိတော့ဘူး။အကူအညီကတော့ လိုအပ်တာပေါ့ ။အခုက လူတွေက အဝတ်လျှော်ဖို့လာခေါ်တော့လည်း ကလေးကတစ်ဖက်ဆိုတော့ လိုက်လို့မရပြန်ဘူး။တော်တော်ခက်ခဲနေတယ်။တစ်ခါတစ်ခါတော့ စေ◌ျးတွေကိုထွက်ပြီးတော့ တောင်းရမ်းစားသောက်တာတွေကိုလုပ်ရတယ်”လို့သူကဆိုပါတယ်။
မသန်းအေးနု မိသားစုဟာ အရင်တုန်းက သံတွဲမြို့နယ် အတွင်းမှာ ရေလုပ်ငန်းကို လုပ်ကိုင်ကာ အသက်မွေးဝမ်းကြောင်းပြုခဲ့ကြသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။