မြေပုံမြို့နယ် အတွင်းမှာ စစ်ဘေးရှောင်ဖို့ ရောက်နေကြတဲ့ စစ်တွေမြို့ နဲ့ ပေါက်တောမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။
စစ်တွေမြို့ နဲ့ ပေါက်တောမြို့နယ် အတွင်းက ရာနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေဟာ မြေပုံမြို့နယ်ထဲကို စစ်ဘေးရှောင်အဖြစ်နဲ့ ရောက်ရှိနေတာဟာ တစ်နှစ်ကျော်အထိကြာမြင့်လာနေပြီးတော့ လက်ရှိ မိုးတွင်းရာသီးမှာ အလုပ်အကိုင်ရှားပါးတာ ကုန်ဈေးနူန်းတွေ အမတန်မြင့်တက်တာတွေ နဲ့ ရင်ဆိုင်နေရတဲ့ အတွက် စားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတာဖြစ်တယ်လို့ စစ်တွေမြို့အတွင်းက စစ်ဘေးရှောင်အဖြစ်နဲ့ ရောက်နေတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ကျမတို့ မြေပုံကို စစ်ဘေးရှောင်ဖို့ ရောက်နေတာ တစ်နှစ်ကျော်ရှိနေပါပြီ အလုပ်ကတည် အတည်တကျမရှိဘူး ကျရာအလုပ်ကို လုပ်ရတယ် အလုပ်မရှိတဲ့ နေ့တွေကလည်းများတယ် စားဝတ်နေရေး ခက်မှုကြောင့် မိသားစုတွေဒုက္ခမျိုးစုံ နဲ့ ကြုံတွေ့နေရတယ်”လို့ သူကပြောပါတယ်။
လက်ရှိ ဒီစစ်ဘေးရှောင်ပြည်သူတွေဟာ သက်ဆိုင်ရာတာဝန်ရှိသူတွေ ရဲ့ ခွင့်ပြုချက် နဲ့ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရတာလည်းဖြစ်ပါတယ်။
“ကျမတို့ လက်ရှိကတော့ ကျောင်းအုပ်ဆရာတွေဆီမှာ ခွင့်တောင်းပြီးတော့ စာသင်ကျောင်းတွေမှာ ယာယီနေထိုင်နေကြရတယ် ကျောင်းဖွင့်ချိန်ကလည်းရောက်တော့မယ်ဆိုတော့ ကျောင်းတွေမှာ နေလို့မရင် နေထိုင်ရေးကခက်ခဲလာမယ်”လို့ နောက်ထပ်စစ်ဘေးရှောင်တစ်ဦးကဆိုပါတယ်။
တဖက်မှာလည်း အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ အနေ နဲ့ စာသင်ကျောင်းမှာ နေထိုင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လုံခြုံမှုရှိတဲ့ နေရာတွေကို ပြောင်းရွှေ့ပြီးတော့ နေရာချပေးထားတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ရခိုင်မှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ကတည်းကပင် တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာတော့ အာရက္ခတပ်တော် ဟာ ပလက်ဝဒေသ အပြင် ရခိုင်က မြို့နယ် ၁၄ မြို့နယ်ကို စစ်ကော်မရှင်တပ်တွေရဲ့ လက်ထဲကနေပြီးသတ်သိမ်းပိုက်ရရှိထားပြီးလည်း ဖြစ်ပါတယ်။
အဲဒီလို စစ်ကော်မရှင်တပ်တွေလက်ထဲကနေ ပြီးတော့ အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့ မြို့တွေမှာလည်း အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးတွေ ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်ပေးတာတွေ ရှိနေပေမယ့် မြို့နယ် တချို့က ဒေသခံစစ်ဘေးရှောင်တွေဟာ စစ်ကော်မရှင်တပ်တွေ ရဲ့ လက်နက်ကြီး နဲ့ လေကြောင်းတိုက်ခိုက်မှု ရန်ကိုစိုးရိမ်ရတဲ့ အတွက် နေရပ်ပြန်ခွင့်မရဘဲ စစ်ဘေးရှောင်စခန်းတွေမှာ ဆက်လက်နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။
အာရက္ခတပ်တော် ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ စာရင်းတွေအရ ရခိုင်တကျော့ပြန်တိုက်ပွဲကာလအတွင်းမှာ အိုးအိမ်စွန့်ခွါပြီးတော့ စစ်ရှောင်စခန်းမှာ နေထိုင်နေရတဲ့ အရပ်သားစစ်ဘေးရှောင်ပြည်သူ (၆) သိန်း ကျော်ရှိတယ်လို့ သိရပါတယ်။
သတင်း – သက်ဆု