Home သတင်း စစ်ဘေးရှောင် ကျောက်ဖြူက စစ်ဘေးရှောင်တွေ စားဝတ်နေရေး နဲ့ နေထိုင်ရေးအခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရ

ကျောက်ဖြူက စစ်ဘေးရှောင်တွေ စားဝတ်နေရေး နဲ့ နေထိုင်ရေးအခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရ

60
0
ပုံ - လက်ရှိ ကျောက်ဖြူမြို့နယ်အတွင်းက အခက်အခဲ တွေ နဲ့ ရင်ဆိုင် နေကြရတဲ့ စစ်ဘေးရှောင်များ။

Coastal News Agency

ကျောက်ဖြူမြို့နယ် အတွင်းက စစ်ဘေးရှောင်တွေ စားဝတ်နေရေးအခက်အခဲတွေ နေထိုင်ရေးအခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ် အတွင်းမှာ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခု ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကတည်းကပင် အခုလ စက်တင်ဘာလအထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွါးနေတာကြောင့် ဒေသခံပြည်သူအများ စုဟာ တိုက်ပွဲ နဲ့ ဘေးလွတ်ရာနေရာတွေကို အိုးအိမ်စွန့်ခွါကာ ထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်။

အဲဒီလို တိုက်ပွဲနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးလာကြရတဲ့ ဒေသခံပြည်သူတွေဟာ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းတွေလိုနေရာတွေမှာ စစ်ဘေးရှောင် အဖြစ် နဲ့ နေထိုင်နေကြရတာ ဖြစ်ပြီးတော့ တချို့မှာလည်း ဘုန်းကြီး ကျောင်း စာသင်ကျောင်းတွေမှာ ခိုလှုံဖို့ နေရာ မရှိတော့တာကြောင့် အနီးမှာရှိတဲ့ ခြုံပုတ်တွေ၊တောတောင်တွေ အောက်မှာ အမိုးအကာမလုံမခြုံ နဲ့ နေထိုင်နေကြရတာဖြစ်တယ်လို့လည်း ကျောက်ဖြူမြို့ နယ် အတွင်းက စစ်ဘေးရှောင်ပြည်သူ တစ်ဦးက ပြောပါတယ်။

“ကျမတို့ကတော့ စာသင်ကျောင်းတစ်ခုမှာ ခိုလှုံဖို့ နေရာ တစ်ခုရလိုက်တယ်။တချို့နေရာ မရလိုက်လို့ တောတောင်တွေ ၊ခြုံဘုတ်တွေမှာ အမိုးအကာမလုံမခြုံ နဲ့ နေထိုင်နေကြရတဲ့ သူတွေ ရှိတယ်။အိမ်ငှားပြီးတော့ နေမယ်ဆိုတာကလည်း တစ်လကို ငါးသောင်းခြောက်သောင်း နဲ့ ဘယ်သူမှ မနေနိုင်ဘူး အဲဒါကြောင့် အဆင်ပြေသလို နေထိုင်နေကြရတယ် တော်တော် အခက်အခဲတွေ ဖြစ်နေတယ်”လို့ သူကပြောပါတယ်။

လက်ရှိ သူတို့ စစ်ဘေး‌ရှောင်အဖြစ်နဲ့နေထိုင်နေတဲ့ နေရာမှာ စစ်ဘေးရှောင် ဦးရေ ၁၀၀၀၀ လောက်ထိရှိပြီးတော့ အများစုဟာ ကျောက်ဖြူမြို့နယ် မလကျွန်း ၊လိပ်ခမော်၊ပြားတဲ၊ရွာသစ်၊ကုလားဘာ၊ပြိုင်းစေ့ကေ၊ချောင်းဝ အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်က စစ်ဘေးရှောင်တွေ နေထိုင်နေကြရတဲ့ နေရာတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိဒီကျေးရွာတွေက ထွက်ပြေးလာကြတဲ့ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် မတ်လ အတွင်းကပင် မိမိနေရပ်ကနေပြီးတော့ အိုးအိမ်တွေကို စွန့်ခွါကာ ထွက်ပြေးလာကြရတဲ့ သူတွေ ဖြစ်ပြီးတော့ လက်ရှိမှာ စားသောက်ရေးအတွက် ဆန်၊ဆီ၊ဆား မရှိတာ မိုးရွာသွန်းမှုကြောင့် ချက်ပြုတ်မဲ့ နေရာမရှိတာတွေကို သူတို့ အနေ နဲ့ ၇ လတိုင်တိုင် အခက်အခဲများစွာ နဲ့ ရင်ဆိုင်ဖြတ်ကျော်လာခဲ့ရပြီးဖြစ်တယ်လို့လည်း မလကျွန်း ကျေးရွာက စစ်ဘေး‌ရှောင် အဖြစ်နဲ့ နေထိုင်နေတဲ့ အမျိုးသမီးတစ်ဦးက အခုလို ပြောပြထားပါတယ်။

“ဆန်၊ဆီ၊ဆား အလှူရှင်တွေ လာလှူလို့ ရှိတဲ့ အခါမှာ မိုးတွေက အရမ်းရွာ နေတဲ့နေရာတွေကို အကုန်ရေမြုပ် ထမင်းချက်ပြုတ်စားသောက်မယ့်နေရာမရှိ။အဲဒီလို နဲ့ မစားရမသောက်ရ ကလေးတွေပါ အကုန်ငတ် အဲဒီလိုတွေ နေထိုင်နေရတယ်။အလှူရှင်တွေကလည်း အမြဲ‌ရောက်တာမဟုတ်ဘူး ဒီနေရာကိုက အလုပ်အကိုင်က မရှိတဲ့ ငတ်တဲ့နေ့တွေက များတယ် ဒီလိုပဲနေနေရတယ်။လိုအပ်ချက်တွေကတော့ အကုန်လုံးလိုလို ရှိနေတယ် လက်ရှိအချိန်ထိ မိုးက မပြတ်သေးတော့ အပြင်မှာ နေနေရတဲ့ သူတွေ အတွက် အမိုးအကာတွေ လိုအပ်နေတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးအတွက်ဆိုရင်လည်း ဆေးဝါးတွေဘာမှ မရှိတဲ့ အနေအထားမှာ ရှိနေတာကြောင့် တောဆေး၊တောင်ဆေးတွေကို မှီခိုကာ သုံးစွဲနေထိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။အဲဒါကြောင့် သူတို့ နေ ထိုင်ရာ နေရာတွေကို အလှူရှင်တွေ အနေ နဲ့ လာရောက်လှူဒါန်းပေးကြဖို့ကို တောင်းဆိုတယ်လို့လည်း စစ်ဘေးရှောင်တွေက တောင်းဆိုထားကြပါတယ်။

(မှတ်ချက် – ဒီသတင်းမှာ လုံခြုံရေးအခြေအနေကြောင့် စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့နေရာကို ထည့်သွင်းဖော်ပြထားမှုကို မလုပ်ဆောင်ထားခြင်းဖြစ်သည်။)

LEAVE A REPLY

Please enter your comment!
Please enter your name here