သံတွဲမြို၊ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းဆည်ဟာ ဒီနေ့ မနက်ပိုင်းတိုင်ထွာချက် အရ စိုးရိမ်ရေအမှတ် (အနီရောင်အ ဆင့်)ထိ ကျော်လွန်နေတာကြောင့် ဆည်ရေစီးကြောင်းရှိ အနီးဝန်းကျင်က ကျေးရွာဒေသခံတွေ အနေ နဲ့နေရာ ချက်ခြင်းပြောင်းရွေ့ကြဖို့ကို အာရက္ခတပ်တော် အေအေ က ဒီနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ အရေးပေါ်သတိပေးထုတ်ပြန်လာပါတယ်။
အာရက္ခတပ်တော် အေအေ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီရက်ပိုင်းအတွင်းမှာ ရက္ခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းနေပြီး မိုးရေချိန်အမှတ်ဟာလည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို မိုးရေချိန် အမှတ်ကျော်လွန်လာသည်နဲ့ အတူ သံတွဲမြို့နယ် အတွင်းမှာ ရှိတဲ့ သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်း ဆည်ရဲ့ ရေအမှတ်လည်း ဒီနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၊ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန် တိုင်းတာချက်အရ စိုးရိမ်ရေမှတ် (အနီရောင်အဆင့်) ကို ကျော်လွန်လာနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်မိုးရေချိန်အမှတ်ဟာ ယခုထက်ပိုမိုတဲ့ မိုးရေချိန်အမှတ်သို ရောက်ရှိလာနိုင်တဲ့ အနေအထားမှာ ရှိနေတာကြောင့် သူဌေးချောင်းရေအားလျှပ်စစ်စီးမံကိန်းဆည် ရဲ့ အနီးပတ်ဝန်းကျင် နဲ့ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းမှာ ရှိတဲ့ ရွာတွေဟာ နီးစပ်ရာ ကုန်းမြင့် နဲ့ ရေဘေးလွတ်ရာနေရာတွေကို “အမြန်ဆုံး” ချက်ချင်း ရွှေ့ပြောင်းကြဖို့ကို အေအေ က အရေးပေါ် အခြေအနေ အနေနဲ့ တိုက်တွန်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အာရက္ခတပ်တော် အေအေ အနေ နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ဒေသခံတွေကို မိုးရွာသွန်းမှုကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင်တာကို ကြိုတင်အသိပေးထားခဲ့ပြီး ဖြစ်သလို ဒီနေ့မှာလည်း စိုးရိမ်ရေမှတ်အထက် ကျော်လွန်လာ နေပြီဖြစ်တာကြောင့် အခုလို အရေးပေါ်ချက်ချင်းထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိဘပြည်သူများအနေနဲ့လည်း မိမိတို ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက် ပေးကြရန်ကိုလည်း အာရက္ခတပ်တော် အေအေ က အလေးအနက် တိုက်တွန်းထားတာတွေ့ရပါတယ်။