Home သတင်း စစ်ကောင်စီက မုန်းတိုင်းကြိုတင်သတိပေးချက် ထိရောက်အောင် မလုပ်လို့ ပြည်သူတွေပျက်စီးမှုများစွာနဲ့ ရင်ဆိုင်ရတာဖြစ်တယ်လို့ AAPP ထောက်ပြ

စစ်ကောင်စီက မုန်းတိုင်းကြိုတင်သတိပေးချက် ထိရောက်အောင် မလုပ်လို့ ပြည်သူတွေပျက်စီးမှုများစွာနဲ့ ရင်ဆိုင်ရတာဖြစ်တယ်လို့ AAPP ထောက်ပြ

176
0
ပုံ၊ Marga Ambulance & Rescue Service( ဘားအံရေဘေးကူညီရေးလုပ်ဆောင်နေမှုမြင်ကွင်း)

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့ အင်အားကြီး ဆိုင်ကလုန်းမုန်တိုင်း “ရာဂိ” အရှိန်ကြောင့် နေပြည်တော်အပါအဝင် ကယား၊ ပဲခူး၊ မန္တလေး၊ မွန်၊ ရှမ်း၊ မကွေး၊ ဧရာဝတီ၊ ကရင်စတဲ့နေရာတွေမှာရေကြီးရေလျှံမှုတွေ ဖြစ်ပွါးခဲ့ပြီး ပြည်သူတွေ များစွာသေဆုံးတာ နဲ့ နေအိမ်များစွာ ပျက်စီးတာတွေ ရှိခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ” ယခင်ရက်သတ္တပတ်အတွင်း၌ နေပြည်တော်အပါအဝင် နိုင်ငံတဝန်း ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပွားခဲ့မှုကြောင့် ပြည်သူ ရာနှင့်ချီသေဆုံးထိခိုက်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။ သို့ရာတွင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် မုန်တိုင်းကြိုတင်သတိပေးချက်များ ထိရောက်စွာမပြုလုပ်ခြင်း၊ ၎င်းထိန်းချုပ်ရာနေရာဒေသများ၌ပင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်ပေးနိုင်မှုမရှိခြင်းတို့ကြောင့် ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများမှာ အဆမတန်များပြားခဲ့ရပြီး လက်ရှိအချိန်ထိလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ မလုံလောက်ဘဲ ဘေးဒုက္ခမျိုးစုံ ခံစားနေကြရတယ်လို့” အခုလိုထောက်ပြ ထားတာ ဖြစ်ပါ တယ်။

လက်ရှိမှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသ နဲ့ ကရင်ပြည်နယ်က ဘားအံ နဲ့ ပဲခူးတိုင်းထဲ က တောင်ငူမြို့တွေက မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးတာတွေ ဆက်လက်ရှိနေသေးပြီး ပြည်သူတွေ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဘားအံမြို့ဒေ သခံတစ်ဦး ကပြောပါတယ်။

“ဒီနေ့ရေကတော့ကျသွားပြီး မြေနိမ့်ပိုင်းတွေမှာတော့ရေနည်းနည်းကျန်တာတွေတော့ ရှိတယ်။ပျက်စီးမှုကတော့အဲဒီလောက်တော့ မရှိဘူး အရေးပေါ်ပြောင်းရွှေ့လိုက်ရတာတော့လုပ်လိုက်ရတယ်”လို့ အဲဒီဒေသခံကပြောပါတယ်။

စစ်ကောင်စီရဲ့ ဒီနေ့စက်တင်ဘာလ ၁၇ ရက်နေ့ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းလုံးမှာ ရေဘေးကြောင့် သေဆုံးရသူဟာ ၂၂၆ ဦးရှိနေပြီး ၇၇ ဦးပျောက်ဆုံးနေသလို နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအပါအဝင် မြို့နယ် ၅၆ မြို့နယ်မှာ ရေကြီးခဲ့ ပြီး လူနေအိမ် ၂,၁၁၆ လုံး ပျက်စီးခဲ့သလို ရေနှစ်မြုပ်တဲ့အိမ်ခြေ ၁ သိန်းခွဲကျော်ရှိပြီး စစ်ကောင်စီကထုတ်ပြန်ပြောဆိုထားပါ တယ်။

ဒါ့အပင် ရေကြီးလို့ ဘာသာရေးအဆောက်အဦ ၃၈၆ လုံး၊ စာသင်ကျောင်း ၁,၀၄၀ နဲ့ ရုံးဌာန အဆောက်အဦ ၁၁၇ လုံး ပျက်ဆီးခဲ့ပြီး စိုက်ပျိုးမြေ ဧက ၆ သိန်းကျော်နဲ့ တိရိစ္ဆာန် အကောင် တစ်သိန်းနှစ်သောင်းကျော် သေဆုံးခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ် ပြန်ပါ တယ်။

CNA၊ငြိမ်းသော်။

LEAVE A REPLY

Please enter your comment!
Please enter your name here