
CNA ၊ လင်းလင်း။
ဒီနေ့ မတ်လ ၂၈ ရင်နေ့ နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ မန္တလေး နဲ့ စစ်ကိုင်းကို ဗဟို ပြုပြီးတော့ ၇ ဒသမ ၇ ပြင်းအားရှိ မြေငလျှင် လှုပ်ခတ်မှုဟာ ရခိုင်က မြို့တွေမှာလည်း လှုပ်ခတ်တာ အနည်းငယ် ရှိခဲ့ပေမယ့် တစ်စုံ တရာထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ ရခိုင်ဒေသခံ ပြည်သူတွေက ပြောပါတယ်။
မာန်အောင်ဒေသခံ တစ်ဦးက ” လှုပ်တော့ လှုပ်ခဲ့တယ် ဘာမှာတော့ မဖြစ်ဘူး၊မူးတော့မူးသွားတယ် ဒီမှာက အဲဒီလောက် ပြင်းပြင်းကြီးလှုပ်တာတော့ မဟုတ်ပါဘူး၊ ၁ မိနစ်နီးပါးလောက်တော့ လှုပ်ခတ်ခဲ့တယ်လို့ ထင်တယ် သေသေချာချာတော့ မမှတ်လိုက်ဘူးလို့ ” သူကပြောပါတယ်။
အဲဒီလိုပဲ တောင်ကုတ် ၊ သံတွဲ ၊ဂွ ၊ကျောက်ဖြူ၊ မြောက်ဦး အပါအဝင် ရခိုင်က မြို့တော်တော်များများမှာ ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပွါးခဲ့တာ ရှိခဲ့ပေမယ့် တစ်စုံတရာ ထိခိုက်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေး၊ နေပြည်တော်၊ရှမ်းတောင်ပိုင်း အပါအဝင် ဒေသ ၆ ခုထက်မနည်း မှာ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးတွေ ၊ဘုန်းကြီးကျောင်းတွေ ဘုရားတွေ ပြိုကျတာ ရှိသလို လူအများအပြားလည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးတာတွေ ရှိနေတယ်လို့တော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမယ့် ဘယ်လောက်ထိ ထိခိုက်သေဆုံးပြီး ပျက်စီးမှုတွေ ရှိတယ်ဆိုတာ ကိုတော့ သတင်းထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီ ကတော့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်း နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတွေကို အရေးပေါ်အခြေအနေအဖြစ်ကြေညာပြီးတော့ ပျက်စီးဆုံးရှုံးမှုတွေကိုအလျင်အမြန်စုံစမ်းစစ်ဆေးတာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောလျင်စွာဆောင်ရွက်တာ လိုအပ်တဲ့ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး လုပ်ငန်း နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိဖို့အတွက်ကိုလည်း ဆောင်ရွက်ပေးတာတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေ နဲ့လည်း ငလျင်လှုပ်ခတ်ပြီးပြီးချင်းမှာ အရေးပေါ် အစည်းအဝေးတရပ်ကို ခေါ်ယူခဲ့ပြီးနောက် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ လုပ်ငန်းစဉ်တွေကို စတင်သက်ဝင်စေပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေ နဲ့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို ဌာနအလိုက် အလျင်အမြန် လုပ်ဆောင်ဖို့ကို စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း ငလျင်ဒဏ်ကြောင့် လူအသေအပျောက် နဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ ရဲ့ စာရင်းတွေကို ကောက်ယူစုဆောင်းတာ၊ မိမိတို့ရဲ့ စိုးမိုးထိမ်းချုပ် နယ်မြေတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်နေရာချထားရေးတွေ နဲ့ ထူထောင်ရေးလုပ်ငန်းတွေကို အချိန်နှင့်တပြေးညီ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
