
ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက် စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ယာယီအပစ်ရပ်ဖို့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအစည်းအရုံး(SNUA)က တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအနေနဲ့ ငလျင်ဘေးဒဏ်သင့် လူထုကို စာနာသနားသောအားဖြင့် ယာယီအပစ်ရပ်ကာလကို နှစ်ဘက်သဘောတူညီမှုနဲ့အတူ ရပ်ဆိုင်းထားကြဖို့ SNUAက တိုက်တွန်းထားတာလည်းဖြစ်ပါတယ်။
ငလျင်ဘေးဒဏ်သင့် လူထုကို စာနာသနားသောအားဖြင့် စစ်ရေးအသာရလိုမှုသဘော မပါဘဲလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုကို နှစ်ဘက်အပြန်အလှန် အချိန်မီ ခွင့်ပြုပေးကြဖို့လည်း SNUAက တိုက်တွန်းထားပါတယ်။
ပြည်တွင်းမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ငလျင်ဘေးဒဏ်သင့် လူထုအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ အပြန်အလှန် ပူးပေါင်းပါဝင်ခွင့်၊ ကူညီဆောင်ရွက်ခွင့်ပြုကြဖို့ကိုလည်း အကြံပြုထားပါတယ်။
ယခုလို အရေးပေါ်ကာလမျိုးမှာ ငလျင်ဘေးသင့်လူထုအတွက် ကျန်းမာရေးဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အင်တိုက် အားတိုက်ဆောင်ရွက်နိုင်ဖို့အတွက် CDMနဲ့ Non-CDM ကျန်းမာရေးဝန်ထမ်းတွေအပေါ်အရေးယူမှုလုံးဝ(လုံးဝ) မပြုဘဲ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် ဖိတ်ခေါ်ပေးကြဖို့ကိုလည်း SNUAက အသိပေးထားပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ဆောင်မယ့် အဖွဲ့အစည်းတွေကို မည်သည့် လက် နက်ကိုင်အဖွဲ့အစည်းနှင့်သာ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ကြိုတင်ကန့်သတ်ခြင်းမပြုဘဲ၊ စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ ဒေသအားလုံးမှာ အရေးပေါ် ကူညီ လုပ်ဆောင်ခွင့်ပြုဖို့ကိုလည်း SNUAက တိုက် တွန်းထားပါတယ်။
ဒါ့အပြင် ရှမ်းနီတိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းတွေ၊ ရှမ်းနီတိုင်းရင်းသားလူငယ်အဖွဲ့အစည်းတွေ၊ ရှမ်းနီတိုင်းရင်းသား ရဟန်းသံဃာအဖွဲ့အစည်းတွေအပါအဝင် သျှမ်းနီတိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ငလျင်ဘေးသင့် လူထုအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တက်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီ ပေးကြဖို့ကိုလည်း SNUAက အကြံပြုတိုက်တွန်းထားပါတယ်။
မနေ့ မတ်လ ၂၈ရက်နေ့၊ နေ့လယ်ပိုင်းလောက်တုန်းက စစ်ကောင်စီက နောင်ချိုမြို့နယ်၊ နောင်လင်ရွာထဲကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ဓနုတပ်- DPLA ရဲ့ စစ်မေ ၆ ဦးနဲ့ တပ်သား ၁ ဦး၊ စုစုပေါင်း ၇ ဦး ကျဆုံးခဲ့ပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။
ငလျင်ကြောင့် ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီးဒီနေ့ မနက်ပိုင်းအထိ စစ်ကောင် စီရဲ့ သတင်းထုတ်ပြန်ချက်အရ မန္တလေးတိုင်းတစ်ခုတည်းမှာတင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၀၂ ဦးရှိပြီး ဒဏ်ရာရသူ ၂၃၇၆ ဦးရှိကာ ပျောက်ဆုံးနေသူ ၃၀ ရှိတယ်လို့လည်းဖော်ပြထားပါတယ်။