မန္တလေး ငလျင်လှုပ်ခတ်မှုဖြစ်စဉ်အတွင်းမှာ ပိတ်မိနေတဲ့ လူဦးရေ ၄၀၃ဦးကို အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့သလို သေဆုံးသူ ၂၅၉ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း ထုတ်ယူနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။
ငလျင်လှုပ်ခတ်ခဲ့တဲ့ နေ့ကစတင်ပြီး မတ်လ ၃၁ရက်နေ့အထိ မန္တလေးတိုင်းအတွင်းမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယတို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရာမှာ အသက်ရှင်သူ ၄၀၃ဦးနဲ့ သေဆုံးသူ ၂၅၉ဦးရဲ့ ရုပ်အလောင်းတွေကို အဆောက်အဦးထိခိုက်ပျက်စီးမှုတွေကြားကနေ ထုတ်ယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
မတ်လ ၃၁ရက်နေ့ထဲမှာပဲ မန္တလေးတိုင်းအတွင်းမှာ အသက်ရှင်သူ မ(၅) ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး၊ သေဆုံးသူ ကျား(၁၆)ဦး၊ မ (၁၁) ဦး စုစုပေါင်း (၂၇)ဦးရဲ့ရုပ်အလောင်းတွေကိုလည်း ထုတ်ယူနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိတဲ့ မြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်မှာ မန္တလေးတိုင်းဟာ ထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ မတ်လ ၃၁ရက်နေ့ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ဦး၊ ဒဏ်ရာရသူ ၃၉၀၀ ကျော်နဲ့ ပျောက်ဆုံးနေသူ ၂၇၀ ကျော်ထိ ရှိလာနေတယ်လို့ ထုတ်ပြန်ထားပါတယ်။