Home သတင်း ■ဆက်လက်ကြားရမှာကတော့ ငလျင်ကြောင့် သေဆုံးသူ ဦးရေ ၃၆၀၀ ကျော်ထိတိုးလာနေ

■ဆက်လက်ကြားရမှာကတော့ ငလျင်ကြောင့် သေဆုံးသူ ဦးရေ ၃၆၀၀ ကျော်ထိတိုးလာနေ

11
0

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် မြန်မာနိုင်ငံတဝန်းလုံးမှာ သေဆုံးသူ ဦးရေ ၃၆၄၅ဦး အထိရှိလာနေတယ်လို့ စစ်ကောင်စီက ဒီနေ့ ဧပြီလ ၈ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီလို သေဆုံးသူ ဦးရေ ၃၆၄၅ ဦးအထိရှိလာနေသလို ဒဏ်ရာရသူဦးရေဟာလည်း ၅၀၁၇ ဦးထိရှိလာနေပြီးတော့ ပျောက်ဆုံးနေသူ ၁၄၈ ဦး ထိရှိနေသေးတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ငလျင်ဒဏ်သင့် ခဲ့တဲ့ နေရာတွေကိုလည်း နိုင်ငံပေါင်း (၂၀)က လာရောက်ကူညီကယ်ဆယ်ပေးတာတွေ ရှိနေသလို လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းတွေကိုလည်း ပေးပို့တာတွေ ရှိနေတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ ဒေသတွင်းအဖွဲ့အစည်းတွေက ဒီလို ကယ်ဆယ်ရေး လုပ်ဆောင်ပေးတာတွေ ရှိနေပေမယ့် တချို့ငလျင်ဒဏ်သင့်ခဲ့ရတဲ့ နေရာတွေမှာတော့ စက်ကရိယာ နဲ့ နည်းပညာပိုင်းဆိုင်ရာတွေ မရှိတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို ထိရောက်စွာ မလုပ်ဆောင်နိုင်သေးတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ပြည်တွင်းကူညီရေး အဖွဲ့တွေက ပြောဆိုကြပါတယ်။

အဲဒီနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဟာ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း နဲ့ ရှမ်းပြည် နယ်တောင်ပိုင်းဒေသတွေကို ဦးတည်လှုပ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ အဲဒီဒေသတွေမှာ လူနေအိမ် နဲ့ အဆောက်အဦး လမ်းတံတားများစွာဟာလည်း ပျက်စီးသွားခဲ့ကြရပါတယ်။

NUG ရဲ့ ဧပြီလ ၇ ရက်နေ့ ထုတ်ပြန်ချက် အရ ဒီငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတဝန်းမှာ အခြေခံ အဆောက်အအုံ ၄၆၀၃ ပျက်စီးခဲ့ရပြီး၊နေအိမ် ၃၂၃၆၈ လုံး နဲ့ စာသင်ကျောင်း ၅၅၄ ဆောင် ပျက်စီးခဲ့ရသလို ငလျင်ဘေးသင့်ပြည်သူ ဟာလည်း ၃၂၉၂၉၉၄ ထိရှိလာ တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here