CNA ၊ဟိန်းဆက်။
ဒီနေ့ မေလ ၃၁ ရက်နေ့ မနက် ၁ နာရီကျော်မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့မှာ မြေပြိုမှု ဖြစ်ပွါးခဲ့ပြီးတော့ အဲဒီမြေပြိုတဲ့ အထဲမှာ ရခိုင်က ကုန်သည် ၆ ဦးတည်းခိုနေတဲ့ Pari Hotel လည်း မြေပြိုတဲ့ အထဲမှာ ပါဝင်သွားခဲ့ရပြီး ရခိုင်ကုန်သည် ၆ ဦးဟာလည်း ပျောက်ဆုံးသွားတယ်လို့ရခိုင်ကုန် သည်တွေဆီကနေသိရပါတယ်။
အဲဒီ Pari Hotel ဟိုတယ်ဟာ လောင်တလိုင်မြို့ ဈေးရပ်ကွက် အတွင်းမှာ ရှိတဲ့ ဟိုတယ်တစ်ခုဖြစ်ပြီးတော့ လက်ရှိမှာတော့ ဟိုတယ်ပြိုကျပြီး ပျောက်ဆုံးနေတဲ့ ရခိုင်ကုန်သည် ၆ ဦးထဲက အသက်(၄၄)နှစ်အရွယ် ရခိုင်ကုန်သည် ကျော်နိုင်သာကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ပြီးတော့ ခရိုင်ဆေးရုံကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့ ရခိုင်ကုန်သည်တစ်ဦးက ပြောပါတယ်။
“ကိုကျော်နိုင်သာမှာ ခြေထောက်တစ်ဖက် ကျိုးသွားတယ်။အခုတော့ သူ့ကို ဆေးရုံကိုပို့ထားတယ်။သူနဲ့ အတူရှိနေတဲ့ ကိုအောင်ဇံသိန်းလည်း အသက်ရှင်နေသေးတယ်လို့ ပြောတယ်။သူ့ကိုလည်း ကယ်ထုတ်ဖို့ ကြိုးစားနေကြတယ်။မိုးတွေက ဆက်တိုက်ရွာနေတော့ ကူညီကယ်ဆယ်ရေး လုပ်တဲ့ သူတွေလည်းတော်တော် ခက်ခက်ခဲခဲ လုပ်နေကြရတယ်”လို့ သူကပြောပါတယ်။
ကျန်ရှိနေသေးတဲ့ သူတွေကိုလည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက် ရှာဖွေမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီးတော့ သေဆုံးမှုတွေ တော့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းကပင် စစ်ကောင်စီက ကုန်စည်စီးဆင်မှုတွေကို ပိတ်ဆို့ထားခဲ့တဲ့ အတွက် ရခိုင်အတွင်းလိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကို ရခိုင်ကုန်သည်တွေဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ကနေတဆင့် ဝယ်ယူကာ ဒေသအတွင်းကို ပြန်လည်ရောင်းချ ပို့ဆောင်နေကြရတာလည်း ဖြစ်ပါတယ်။