CNA ၊ဟိန်းဆက်။
မနေ့က မေလ ၃၁ ရက်နေ့ မနက် ၁ နာရီကျော်လောက်မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့မှာ မြေပြိုမှု ဖြစ်ပွါးခဲ့ပါတယ်။
အဲဒီမြေပြိုတဲ့ အထဲမှာ ရခိုင်က ကုန်သည် ၆ ဦးတည်းခိုနေတဲ့ Pari Hotel လည်းမြေပြိုမှု နဲ့ အတူ ပြိုကျမှုဖြစ်ပွါးခဲ့ပြီးတော့ ရခိုင်ကုန်သည် ၆ ဦးဟာလည်း ဟိုတယ် ပြိုကျပြီး ပိတ်မိတဲ့ အထဲမှာ ပါဝင်သွားခဲ့ရတယ်လို့ ရခိုင်ကုန်သည်တွေကပြောပါတယ်။
အဲဒီ Pari Hotel ဟိုတယ်ဟာ လောင်တလိုင်မြို့ ဈေးရပ်ကွက် အတွင်းမှာ ရှိတဲ့ ဟိုတယ်တစ်ခုဖြစ်ပြီးတော့ လက်ရှိမှာတော့ ဟိုတယ်ပြိုကျပြီး ပျောက်ဆုံးနေတဲ့ ရခိုင်ကုန်သည် ၆ ဦးထဲက ၄ ဦးကို ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ကယ်ထုတ်ထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိကယ်ထုတ်ပြီး ရရှိထားတဲ့ သူတွေကတော့ ရခိုင်ကုန်သည်တွေ ဖြစ်ကြတဲ့အသက်(၄၄)နှစ်အရွယ် ဦးကျော်နိုင်သာ၊အသက် ၅၃ နှစ်အရွယ် ဦးသန်းလှိုင်၊အသက် ၄၈ နှစ်အရွယ် ဦးဇော်ဟန်သန်း နဲ့ အသက် ၄၅ နှစ်အရွယ် မောင်တင်လှ တို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။
ကယ်ထုတ်ပေးထားပြီး ဖြစ်တဲ့ သူတွေကိုတော့ ခရိုင်ဆေးရုံကို ပို့ဆောင်ကယ ဆေးကုသပေးမှုတွေ လုပ်ဆောင်ပေးထားပြီ ကျန်ရှိတဲ့သူတွေကိုလည်း ဆက် လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။
ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းကပင် စစ်ကောင်စီက ကုန်စည်စီးဆင်မှုတွေကို ပိတ်ဆို့ထားခဲ့တဲ့ အတွက် ရခိုင်အတွင်းလိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကို ရခိုင်ကုန်သည်တွေဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ကနေတဆင့် ဝယ်ယူကာ ဒေသအတွင်းကို ပြန်လည်ရောင်းချ ပို့ဆောင်နေကြရတာလည်း ဖြစ်ပါတယ်။