ဧရာဝတီတိုင်းအတွင်းက မြစ်ဘေးနေသူတွေရဲ့ ဗျာပွေရတဲ့ အချင်းအရာတခု ရှိပါတယ်။ ဒီအချိန်ဆိုတာ မိုးကာ လရောက်လာချိန်ကို ဆိုလိုတာပါ။ မိုးကာလ ရောက်လာပြီဆို ပူပင်သောက တမျိုးမျိုးနဲ့ မြစ်ကမ်းနံဘေး နေကြ သူတွေ ရင်ဆိုင်ကြုံတွေ့ လာကြရတာဖြစ်ပါတယ်။
မြစ်ကမ်းဘေးနေသူတွေဟာ မြစ်ရေထိုးလာတဲ့အချိန်၊ မြစ်ရေကြီး ရေစီးသန်လာတဲ့အချိန်မှာ မြေပြို၊ ကမ်းပြိုတဲ့ဒဏ်ကို ခံစားလာရတာ ဖြစ်ပါတယ်။ အရင်ကဆို ၂ နှစ်ကိုတခါ။ သုံးနှစ်ကိုတခါလောက် မြေပြိုတဲ့ဒဏ်ကို ခံစားကြရတာဖြစ်ပါတယ်။ အခုနှစ်ပိုင်းတွေမှာတော့ နှစ်စဉ်နှစ်တိုင်းလိုလိုပဲ ကြုံတွေ့ လာရတာလဲ ဖြစ်ပါတယ်။
မြစ်ရေတိုးပြီး မြေပြိုဒဏ်ခံရတဲ့ မြင်ကွင်းတခုကို မျှဝေချင်ပါတယ်။ မကြာသေးခင်နှစ်က အဲ့ဒီနေရာကို ရောက်ခဲ့ပြီး ခဏတာတွေ့လိုက်ရတဲ့မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ ဧရာဝတီတိုင်း၊ ဟင်္သတမြို့နဲ့ မနီးမဝေး မြစ်ဆိပ်ကမ်းတနေရာကို စက်တပ်ရေယာဉ်နဲ့ ရေလမ်းခရီးကနေ မိနစ် ၂၀လောက် သွားခဲ့ရပါတယ်။ အဲ့ဒီနေ ရာမှာ ရွာပေါင်း ၈ရွာက ဒေသခံတွေ မြစ်ကမ်းပါပြိုကျလို့ နေရာရွှေ့လာကြသူတွေ ယာယီနေထိုင်ကြတာ ဖြစ်ပါတယ်။
သူတို့နေတဲ့နေရာနဲ့ မြစ်နဲ့ကြားမှာတော့ အရေးပေါ် ဖို့တင်ထားတဲ့ တာရိုးကြီး ၃ခု ရှိပါတယ်။ ဒီတာရိုးကြီးက ရုတ်တရက် ရေထိုးတက်လာရင် တရိုးတဖက်ခြမ်းမှာ နေကြတဲ့သူတွေဆီ ချက်ချင်းရေမရောက်အောင်လို့ ကာထားတဲ့သဘောဖြစ်မှာပါ။
အဲ့ဒီတာတွေက မြေဖို့ထားတဲ့ တာအသစ်တွေဖြစ်လို့ ရေစီးတဲ့ဒဏ်၊ ရေတိုက်စားတဲ့ဒဏ်ကို ခံနိုင်ရည်နည်းမယ် ထင်ပါတယ်။ မြေအသစ်ဖို့တင်ထားတဲ့ တာရိုးနဲ့ နှစ်ချို့တာ ဘာကွာနိုင်လဲဆိုရင် နှစ်ချို့တာက မြေသားတွေ အသားကျပြီး ခိုင်ခန့်နေမှာဖြစ်တဲ့အတွက်ကြောင့်ပါ။
လတ်တလော အရေးပေါ် ပြောင်းရွေ့လာကြသူတွေအတွက် အရေးပေါ် ချက်ချင်းထပြီး လုပ်ပေးထားတာ နေမှာပဲလို့ မှတ်ချက်ချလိုက်ပါတယ်။ ဒီမတိုင်ခင်က ရွာပေါင်း ၂၀ကျော် ကမ်းပြို၊ မြေပြိုလို့ ပြောင်းရွေ့ခဲ့ရ တာတွေ ရှိတယ်လို့ပြောပါတယ်။ မြစ်ကမ်းနံဘေးမှာတော့ ရေကင်းချထားတဲ့နေရာ ၂ခု ရှိပါတယ်။
ရေကင်းချထားတဲ့ နေရာ၂ခုက မြစ်ကမ်းဆက်ပြိုနေပြီဆိုတာနဲ့ အရေးပေါ် သတိပေးဖို့အတွက် ဖြစ်ပါတယ်။ သူတို့ရဲ့ အရေးပေါ်သတိပေးချက်က အသံချက်စက်တွေကနေ မိုင်ကရိုဖုန်းနဲ့ ပြောဖို့အတွက် အရံသင့် ထားရှိပါတယ်။ ရေကင်းထဲမှာတော့ လူငယ်လေး သုံးလေးယောက်က အလှည့်ကျနဲ့ နေ့ညမပြတ် စောင့်နေကြရတာ ဖြစ်ပါတယ်။
မြစ်ကမ်းဘေး နေရာအများစုမှာ ယာယီတဲအိမ်ကလေးတွေ ရှိပါတယ်။ အဲ့ဒီတဲအိမ်လေးတွေက မိသားစုတွေဟာ မကြာသေးခင်ရက်ပိုင်းက ရွာတန်းလေးမှာ အစီအရီရှိနေကြတဲ့ အိမ်ကြီးအိမ် ကောင်းတွေ အများစုက ဖြစ်ပါတယ်။ အခုတော့ မြစ်ကမ်းပြိုလို့ တဲအိမ်ပေါ်ကို ရောက်လာကြတာ ဖြစ်ပါတယ်။
မြစ်ကမ်းပြိုချိန်မှာ သစ်တို၊ သစ်စနဲ့ တဲတလုံးစာ အခင်းအကာလေးတွေလောက်ကို ရယူလာနိုင်တာရှိကြတယ်။ တချို့ကတော့ ဘာကိုမှ ယူငင်ချိန်မရလိုက်ဘဲ အသက်ဘေးကတောင် လွတ်အောင်ကြိုးစားပြီး လာခဲ့ရ တာဖြစ်ပါတယ်။ အဖွားရီတယောက် ဧရာဝတီတိုင်း ဟင်္သာတမြစ်ကမ်းဘေးတနေရာမှာ ဟင်းချက်နေပါတယ်။ သူနဲ့အတူတခြားသော ရွာသူရွာသားတွေလဲ နေ့လည်ထမင်းစားချိန် ရောက်နေပြီမို့ ချက်ပြုပ်နေကြတာပါ။
သူတို့နေ့လည်စာအတွက် ချက်ပြုနေကြတာက ယာယီတဲလေးတွေပေါ်မှာပါ။ လွန်ခဲ့တဲ့ ၂ရက်လောက်က အဖွားရီတယောက် မြစ်ကမ်းပါးပြိုကျလို့ ရေတွေ ဒလဟောထိုးတက်လာချိန်မှာ ဒီနေရာကို ရောက်အောင် လာခဲ့ရပုံကို ပြောပြပါတယ်။ အိမ်အမိုး သွပ်ပြားနှစ်ချပ်ကို ခေါင်းပေါ်ရွက်ပြီး အိမ်ကနေ ပြေးထွက်လာခဲ့ရတာပါ။ တခြားအားကောင်းမောင်းသန် ယောကျ်ားသားတွေလိုတော့ ခြေလှမ်းဘယ်မြန်ပါ့မလဲ။
မြစ်ကမ်းပြိုကျပြီး ရေတွေထိုးတက်လာချိန်မှာတော့ အဖွားရီရဲ့ ခြေလှမ်းတွေ ပိုနှေးသွားပါတယ်။ ခြေလှမ်းသာ နှေးသွားတာပါ။ အဖွားရီက အသက်ဘေးလွတ်ရာဘက်ကို လျှောက်လာတဲ့ ခြေလှမ်းကိုတော့ ရပ်တန့်လိုက်တာမျိုး မလုပ်ပါဘူး။
ရေဟာ အဖွားရီရဲ့ ခြေသလုံးကနေ ခါးကိုကျော်တက်လာပါတယ်။ ခါးကနေ ခန္ခာကိုယ်အထက်ကို ဆက်ပြီးတက်နေတာပါ။ အဖွားရီက သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်တာမျိုးမလုပ်သလို ခေါင်းပေါ် ကရွက်လာတဲ့ အိမ်မိုးသွပ်ပြား နှစ်ချပ်ကိုလဲ ပြစ်ထုတ်လိုက်တာမျိုး မလုပ်ပါဘူး။
ရေဟာတဖြေးဖြေးနဲ့ အဖွားရီရဲ့ လယ်ပင်းကိုရောက်လာပါတယ်။ ကုန်းမြင့်နေရာကို ရောက်ဖို့ကလဲ ခြေလှမ်း ၁၀လှမ်းစာလောက်ဆို ရောက်ပါပြီ။ ကုန်ပေါ်က လူတချို့ကတော့ သူ့ကိုလှမ်းပြောနေတယ်။ ခေါင်းပေါ်က သွပ်ပြားတွေကို ပစ်ချလိုက်ပြီး ကမ်းကိုမြန်မြန်ရောက်အောင်လာခဲ့ဖို့ ပြောကြတာပါ။ သူတို့တွေ ဘယ်လောက် ပြောပြော အဖွားရီကတော့ ခေါင်းပေါ်က သွပ်ပြားတွေကို မပစ်ချလိုက်ပါဘူး။
ရေက အဖွားရီရဲ့ လည်ပင်းနေရာကနေ မေးစေ့ကိုရောက်လာပါပြီး ကမ်းကိုရောက်ဖို့ကလဲ မလိုတော့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာပဲ အဖွားရီက ခေါင်းပေါ်က သွပ်ပြားတွေကို ကုန်ပေါ်ကို အားကုန်သုံးပြီး ပစ်တင် လိုက်ပါတယ်။
အိမ်မိုးသွပ်ပြား ၂ချပ်ကတော့ ကုန်းပေါ်ကို ရောက်သွားပါပြီ။ အဖွားရီကိုလဲ လူငယ်လေးနှစ်ယောက်က လှမ်းဆွဲလိုက်တဲ့အတွက် ကုန်းပေါ်ကိုရောက်လာပါတယ်။လက်ရှိသူနေတဲ့ ယာယီတဲလေးမှာ အမိအရရွက်လာတဲ့ အိမ်မိုးသွပ်ပြား နှစ်ချပ်ကို မိုးထားပါတယ်။ အဖွားရီက ဒီအကြောင်းတွေပြောပြရင်း သူချက်နေတဲ့ ငါးဟင်းလဲ ကျက်သွားပါတယ်။
မြစ်ကမ်းဘေးက မြေတွေ အခုလိုဘာကြောင့် ပြိုကျရတာလဲ။ သဘာဝအရ မြစ်ကြောင်းပြောင်းလာလို့လား။ လူတွေရဲ့ ပယောဂကြောင့် အခုလိုဖြစ်လာရတာလားဆိုတာ နီးစပ်ရာတီးခေါက်မေးမြန်းကြည့်မိပါတယ်။မြစ်ကမ်းဘေး မြေပြိုတာက သဘာဝအရ မြစ်လမ်းကြောင်း ပြောင်းလဲတာတွေရှိသလို လူတွေရဲ့ ပြုလုပ်ချက်တ ခုကြောင့် အခုလိုဖြစ်ရတာလို့လည်း ပြောဆို မှတ် ချက်ပြုကြတာတွေ ရှိပါတယ်။
မိုးရာသီ ရေတက်ချိန် မရောက်ခင်မှာ မြစ်ကြောင်းအတွင်းမှာ ကျောက်စုပ်တာ၊ သဲစုပ်တာတွေ လုပ်ကြပါတယ်။ စီးပွားဖြစ် လုပ်ကြတာမျိုးပါ။ မြစ်ကြောင်းအတွင်းမှာ ကျောက်စုပ်တာ၊ သဲစုပ်တာတွေရဲ့ နောက်ဆက်တွဲ ဖြစ်လာ နိုင်တာတွေက မြစ်ရေတက်ချိန်၊ ရေစီးသန်ချိန်မှာ ရေလမ်းကြောင်းပြောင်းပြီး မြေပြိုတာတွေနဲ့ ရင်ဆိုင်လာ ရတော့တာပဲလို့ ပြောကြပါတယ်။
ရင်ဖွင့်လာသူတဦးကတော့“မြစ်ကြောင်းထဲမှာ သဲစုပ်တာ၊ ကျောက်တွေ စုပ်တင်တာတွေက အာဏာရှိတဲ့ သူတွေက လာဘ်ထိုးနိုင်တဲ့သူတွေကို လုပ်ကွက်ချပေးတာပါ။ အဲ့ဒီလို လုပ်ကွက်ရတဲ့သူတွေက ပမာဏ အတိုင်းအဆမရှိ ထုတ်ယူကြတာ။ မိုးကျလို့ မြစ်ရေထိုးတက်လာချိန်ဆို အခုလိုကမ်းပြိုတဲ့ ဒဏ်ကို ကြံ့ကြံ့ ခံပေတော့ပဲ။ ခံရတဲ့သူတွေက ဒုနဲ့ဒေး။ စီးပွားရေးအရ ငွေရသွားတဲ့သူကတော့ အေးဆေးပေါ့။ ဘယ်သူမှလဲ ထိန်းချုပ်တားဆီးနိုင်တာ မရှိပါဘူး”ဆိုပြီး ညီးတွားရေးရွတ်ဖူးတာကို ပြန်ကြားရောင်မိပါတယ်။
မြစ်ကြောင်းတွေဟာ သဘာဝအရ အပြောင်းအလဲရှိပါတယ်။ ဒီလိုအပြောင်းအလဲရှိလို့ပဲ မြစ်ကျိုးအင်း လိုအရာတွေ ရှိလာတာပဲလို့ ထင်ပါတယ်။ လူတွေရဲ့ စီးပွားဖြစ် သဲကျောက် ထုတ်ယူနေကြတာတွေကို အခုနှစ်ပိုင်းတွေမှာ သတိထားပြီးကြည့်ရင် တွေ့နိုင်ပါတယ်။ အတိုင်းအဆမရှိ အလွန်အကျွံ ထုတ်ယူသုံးစွဲတဲ့ နောက်ဆက်တွဲ ပြဿနာကတော့ မြစ်ကြောင်းပြောင်းလဲမှု မြန်မြန်ဆန်ဆန် ဖြစ်လာတာပဲ ဖြစ်ပါတယ်။
အဲ့ဒီလို ရုတ်တရက် မြစ်ကြောင်းပြောင်းလဲတဲ့ဒဏ်ကို ခံစားရတာကတော့ မြစ်ဘေးနေထိုင်ကြတဲ့ ဘဝတွေ သာဖြစ်ပါတယ်။ မကြာသေးတဲ့ ရက်ပိုင်းက ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာ မြစ်ကမ်းမြေပြိုကျလို့ လူနေ အိမ်တွေ ထိခိုက်ပျက်စီးတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတာကို သတင်းတွေမှာ ဖော်ပြလာပါတယ်။
မြစ်ကမ်း မြေပြိုတာဟာ တရက်ထဲနဲ့ ပြီးသွားတာမဟုတ်ဘဲ ဆက်တိုက်ဆက်တိုက်ဆိုသလို မြေပြိုကျတာဖြစ်လို့ လက်ရှိ မြစ်ကမ်းဘေးနေထိုင်ကြသူတွေကို နေရာပြောင်းရွှေ့ ပေးကြရတာဖြစ်ပါတယ်။ မိုးရာသီရောက်တိုင်း မြစ်ကမ်းနံဘေး နေထိုင်ကြသူတွေဟာ အခုလို မြေပြိုကျတဲ့ ဒဏ်ကိုခံစားကြရတာ ဖြစ်ပါတယ်။
အတည်တကျ ဆောက်လုပ်ထားတဲ့ လူနေအိမ်တွေဟာ ချက်ချင်းဆိုသလို မြစ်ရေထဲမျောပါသွားတာမျိုးလဲ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ မိုးရာသီရောက်လာတိုင်း မြစ်ကမ်းဘေးနေသူတွေရဲ့ သောကကို ဘယ်သူ တွေက ကုစားပေးနိုင်မလဲ ဆိုတာကိုတော့ စိတ်ပူစွာနဲ့ပဲ တွေးမိပါတယ်။
သူတို့ကို ကူညီနိုင်ဖို့က ရေတိုအကူအညီ ပေးနိုင်ဖို့ထက် ရေရှည် ဘဝရပ်တည်ရေးအတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပညာပေး လမ်းပြပေးနိုင်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်မျိုး ရှိခဲ့ပါတယ်။
တခုခုကို အကူအညီပေးဖို့ဆိုတာ အဖက်ဖက်က ရှုထောင့်စုံ လုပ်ဆောင်နိုင်မှပဲ အချိုးအချိတ်ညီမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဦးကနင်း ပဲ့ကထောင်၊ ပဲ့ကနင်း ဦးကထောင်နဲ့ အဆိုးကြောသံသရာထဲကနေ ရုန်းထွက်နိုင်ကြ မယ်မထင်ပါဘူး။ ရုန်းထွက်နိုင်ကြပါစေ။
တာပလု ရေးသားသည်။
q460qg
0gecj7