မင်းပြားမြို့အတွင်းမှာ ရှိနေတဲ့ ပန်းမြောင်းချောင်းတလျှောက်က ကျေးရွာတွေ ဟာ ရေဘေးဒဏ်တွေကို ခံစားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းကပင် ရခိုင်ဒေသမှာ မိုးအဆက်မပြတ်ရွာသွန်းတာတွေ ရှိပြီးတော့ ဇူလိုင်လ ၂၇ ရက်နေ့ကပင် ဒီနေ့ ဇူလိုင်လ ၁၈ ရက်နေ့အထိရေမကျဘဲ ပန်းမြောင်းချောင်းကျေးရွာအနီးက ကျေးရွာတွေ ရေနစ်မြုပ်နေတာလည်း ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ရေစမြုပ်တာကတော့ ၂၇ ရက်နေ့ ကပင် စပြီးတော့မြုပ်တာ ဖြစ်တယ်။လက်ရှိလည်းရေက မကျသေးဘူး။မိုးကလည်း အဆက်မပြတ်ရွာနေတုန်းရှိနေသေးတယ်”လို့ သူကပြောပါတယ်။
လက်ရှိနေ နစ်မြုပ်နေတဲ့ မင်းပြားမြို့နယ်အတွင်းက ကျေးရွာတွေကတော့ န်းမြောင်းကြီးချောင်းတလျှောက်က ချင်းဆိပ်၊ တောတန်း၊ ဒုံကြီး၊ မြင်းကဆိပ်၊ ဝါးတောင်၊ အသေကာလ နဲ့ မင်းဖူး ကျေးရွာတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အဲဒီလိုရေမြုပ်နေတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ လက်ရှိမှာနေထိုင်ရေး နဲ့ စားသောက်ရေး အတွက်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြီးတော့ နောက်ပိုင်းမှာ သောက်သုံးရေ နဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိလာမှာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“တချို့အိမ်တွေကတော့ အိမ်ခန်းတွေအထိမြုပ်တာတွေ ရှိတယ်။တော်တော်များများက အိမ်ခန်းတွေထိမြုပ်ပြီးတော့ သိုလှောင်ထားတဲ့ ပစ္စည်းတွေ မြုပ်တာလည်းရှိတယ်။တချို့မှာတော့ ခေါင်မိုးအနားမှာ သစ်လုံးတွေ တင်ပြီးတော့ အဲဒီလို ရေမြုပ်ပြီး ပျက်စီးမဲ့ အစားအသောက်တွေ ဘာညာတွေကို တင်ထားတာရှိကြတယ်။တော်တော်များများက ပျက်စီးတာများနေတယ်။လိုအပ်တာက စားသောက်ရေး အတွက်လိုအပ်တယ်။ရေကျသွားရင်တော့ ရေ နဲ့ ဆေးဝါးတွေ လိုမယ်”လို့ ချင်းဆိပ်ကျေးရွာ ဒေသခံ တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအကုန်ပိုင်း အတွင်းမှာလည်း ရခိုင်ဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် မြို့နယ် ၈ ခုမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေအပါအဝင် ကျေးရွာ (၉၀) က အိမ်ထောင်စု (၃,၄၆၁) စု၊ လူဦးရေ (၁၂,၂ ၄၉) ဦးဟာ ရေဘေးသင့်ဒဏ်ကို ခံစားခဲ့ရတာတွေလည်း ရှိခဲ့ပါသေးတယ်။
အဲဒီ ရေဘေးသင့်ပြည်သူတွေအနေ နဲ့လည်း စားနပ်ရိက္ခာ၊ အမိုးအကာ၊ မျိုးစပါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေအပါအဝင် ကျန်းမာရေးစောင့် ရှောက်မှုတွေလည်း အရေးပေါ်လိုအပ်မှုတွေ ရှိနေတယ်လို့လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်ပြောဆိုထားပါတယ်။
သတင်း – ဟိန်းဆက်