Home Uncategorized ငဖဲမှာ ဆိုင်ကယ်နဲ့ ကင်းလှည့်လာတဲ့ စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ၃ဦးသေဆုံး

ငဖဲမှာ ဆိုင်ကယ်နဲ့ ကင်းလှည့်လာတဲ့ စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ၃ဦးသေဆုံး

32
0

CNA၊ ဇန်နဝါရီ၊ ၆။

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်ထွက်လာတဲ့ စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ၃ဦးသေဆုံးခဲ့တယ်လို့ PRA-Magwayက ထုတ်ပြန်လာပါတယ်။

ဇန်နဝါရီ ၃ရက်နေ့တုန်းက ငဖဲမြို့နယ်၊ မျှော်စင်ရွာရဲ့အနောက်ဘက်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်းကနေ ဆိုင်ကယ်နဲ့ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးကို PRA-Magwayက ခြုံခိုတိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲ ၁၀မိနစ်ခန့်ကြာအောင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦးသေ၊ ၁ဦးဒဏ်ရာရခဲ့တယ်လို့ PRA-Magwayက ဆိုပါတယ်။

ဒါ့အပြင် MA-3 အမျိုးအစား လက်နက်ငယ် ၁လက်ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး PRA-Magwayတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၁၈ရက်နေ့တုန်းကလည်း ပဒါန်းဘက်ကနေတက်လာတဲ့ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီရဲ့ စစ်ကား ၄စီးနဲ့ ကားသေး ၁စီးတို့ကို ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအထက်ပိုင်းမှာ မိုင်း ၉ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့လည်း PRA-Magwayက အသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်မှာ စစ်ကား ၁စီးပျက်စီးသွားခဲ့ပြီး ၄ဦး သေ၊ ၁၃ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေအတွင်းမှာ ရှေ့တန်းစစ်မြေပြင်တွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)အနေနဲ့ တစ်ဖွဲ့ချင်းသော်လည်းကောင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းချင်းသော်လည်းကောင်း ချမှတ်ထားပြီးဖြစ်တဲ့ စစ်ရေးဆိုင်ရာရည်မှန်းချက်တွေကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here