Home Uncategorized အမ်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ အသာတကြည် လက်နက်မချလို့ ပစ်ခတ်ဖမ်းဆီးခဲ့ရ

အမ်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ အသာတကြည် လက်နက်မချလို့ ပစ်ခတ်ဖမ်းဆီးခဲ့ရ

32
0

CNA၊ ဇန်နဝါရီ၊ ၁၆။

ရခိုင်ပြည်နယ်၊ အမ်းမြို့ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့တားဆီးရာမှာ အသာတကြည် လက်နက်မချတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho )က ထုတ်ပြန်လာပါတယ်။

ဇန်နဝါရီလ ၁၃ရက်နဲ့ ၁၄ရက်နေ့တွေမှာ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ လက်နက်မချတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား စုစုပေါင်း ၁၂ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဇန်နဝါရီ ၁၃ရက်နေ့တုန်းက အမ်းမြို့နယ်၊ ကြက်ရေစမ်းရွာအနီးက စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၅ဦးကို CDF – Ashoက ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးရွာအနီးမှာ တားဆီး ပိတ်ဆို့ခဲ့ရာ လက်နက်မချတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား ၅ ဦးအနက် ၂ဦးကို အပြင်းအထန် ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆေးကုသမှုပေးခဲ့ပေမယ့် ကုသစဉ်အတွင်း သေဆုံးသွားခဲ့တယ်လို့ အသိပေးထားပါတယ်။

ဇန်နဝါရီ ၁၄ရက်နေ့မှာလည်း အမ်းမြို့နယ်၊ တောင်ဇောက်ရွာအနီး တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားအင်အား ၁၀၀ခန့်ကို ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီး ( က.ပ.စ – ၁၄)နဲ့ မီတာ( ၂၀၀၀ )ခန့်အကွာမှာ CDF – Ashoက တားဆီးခဲ့ရာ အသာတကြည် လက်နက်မချတဲ့ အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေဟာ ဖွဲ့စည်းပုံပျက်ကာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်း CDF – Ashoက နယ်မြေရှင်းလင်းရေးလုပ်‌ရာမှာ စစ်ကောင်စီတပ်သား ၈ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ၂ရက်အတွင်းမှာ လက်နက်ငယ်(၁၅)လက်၊ စိန်ပြောင်း(၁)လက်အပြင် ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

CDF – Ashoဟာ ဇန်နဝါရီ ၃ရက်နဲ့ ၄ရက်နေ့တွေမှာလည်း အမ်းမြို့ဘက်ကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here