အင်းစိန်ထောင်အတွင်းကနေ စစ်ကောင်စီတပ်သားနဲ့ ရဲတွေ ခေါ်ထုတ်သွားတဲ့ မွတ်ဆလင် ၉၃၆ဦးကို ရခိုင်ဘက်ကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်လာပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၆ရက် မနက်ပိုင်းမှာ အင်းစိန်ထောင်အတွင်းက လွတ်ရက်စေ့ မွတ်ဆလင် ကလေးသူငယ်တွေနဲ့ အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၉၃၆ဦးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက Express ကား(ခရီးသည်တင်ယာဉ်)တွေနဲ့ ခေါ်ထုတ်သွားတာဖြစ်ပါတယ်။
အကျဉ်းထောင်ကနေ မခေါ်ထုတ်မီမှာ စစ်ကောင်စီက မွတ်ဆလင်တွေကို အထောက်အထားကဒ်တွေပြုလုပ်ပေးခဲ့တယ်လို့ သိရပေမယ့် မည်သည့်ကဒ်အမျိုးအစားလဲဆိုတာကိုတော့ ဆက်လက်အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ PPNMက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ထဲက စစ်ကောင်စီဟာ အခြားသော အကျဉ်းထောင် အသီးသီးက ဖမ်းဆီးချုပ်နှောင်ထားတဲ့ မွတ်ဆလင်တွေကို အင်းစိန်ထောင်ဘက်ကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ အဲ့ဒီမွတ်ဆလင်တွေထဲက လွတ်ရက်စေ့ပြီးတဲ့ မွတ်ဆလင်အမျိုးသား ၁၈ဦးကလွဲပြီး ကျန်မွတ်ဆလင် အမျိုးသား ၅၈၄ဦး၊ အမျိုးသမီး ၂၆၇ဦးနဲ့ ကလေး ၆၇ဦးတို့ကို ရခိုင်ပြည်နယ်၊ စစ်တွေဘက်ကို ရေကြောင်းလမ်းအသုံးပြုပြီး ပို့ဆောင်သွားမှာဖြစ်တယ်လို့ PPNMက အတည်ပြုထုတ်ပြန်ထားပါတယ်။
အဆိုပါ မွတ်ဆလင်တွေကို ရှေ့တန်းပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရကြောင်းလည်း PPNMက အသိပေးထားပါတယ်။ မွတ်ဆလင်တွေကို ခေါ်ထုတ်သွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ဒီကနေ့ ညပိုင်းအထိ တစုံတရာထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။