ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ တစ်ရက်တည်းမှာဘဲ ထိုင်းနိုင်ငံအတွင်း က နေရာ ၂ ခုမှာ တရားမဝင်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၇ဝ ကျော်အထိကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ် နဲ့ ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ဘန်လာမွန်းမြို့နယ် အဝေးပြေးလမ်းမှာတွေမှာ ဖမ်းဆီးရမိခဲ့တာလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့မနက် ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ် အူလောင်းဘုန်းကြီးကျောင်းအနီးက စစ်ဆေးရေးဂိတ် အနီးမှာ သံသယဖြစ်ဖွယ် ဗင်ကား ၃ စီးကို တွေ့ရှိခဲ့ပြီးတော့ အဲဒီကားကို စစ်ဆေးဖို့ ခေါ်ယူချိန်မှာဘဲ ကားဟာရပ်တန့်တာမရှိဘဲ ထွက်ပြေးခဲ့တဲ့ အတွက် လိုက်လံဖမ်းဆီးခဲ့ရာ ထာခနုန်ဘုန်းကြီးကျောင်းရှေ့မှာ အဲဒီထွက်ပြေးသွားတဲ့ ကားကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီကား ၃ စီးထဲမှာ ခိုင်လုံတဲ့ ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေ မပါရှိတဲ့ အမျိုးသား ၇၂ ဦး နဲ့ အမျိုးသမီး ၄၁ ဦးစုစုပေါင်း ၁၁၃ ဦးကို ထိုင်းစစ်တပ်ကဖမ်းဆီးရမိခဲ့ပြီးတော့ ထိုင်းလူမျိုး ယာဉ်မောင်း ၃ ဦးထဲက ၂ ဦးကိုသာဖမ်းမိခဲ့ပြီးတော့ နောက်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတစ်ရက်ထဲမှာဘဲ ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ်အတွင်းမှာ တရားမဝင်ဝင်ရောက်လာတဲ့ အသက် ၂ နှစ်အရွယ်ကလေးအပါအဝင် မြန်မာနိုင်ငံသား ၅၃ ဦးကို အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့က ထပ်မံဖမ်းဆီးရမိခဲ့ပြီးတော့ သောင်ဖာဖုမ်မြို့နယ် တစ်ခုတည်းမှာဘဲ တရားမဝင်အထောက်အထားမရှိဘဲ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁၆ ဦးထိကို ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီလိုဘဲ ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ ဘန်လာမွန်းမြို့နယ်အတွင်းက အဝေးပြေးလမ်းမကြီးတစ်နေမှာ ပစ်ကပ်ကားတစ်စီးရဲ့ အလုံပိတ်အခန်းမှာလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို အဝေးပြေးလမ်းမရဲတပ်ဖွဲ့ (Highway Police)က ထပ်မံဖမ်းဆီရမိခဲ့ပြီးတော့ ဒီတစ်ရက်အတွင်းနေရာ နှစ်ခုက ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ စုစုပေါင်း ဖမ်းဆီးရမိခဲ့သူဟာ ၁၇၃ ဦး အထိရှိခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ အဲဒီဖမ်းဆီးရမိထားတဲ့ တရားမဝင်ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာနယ်မြေအလိုက် ပို့ဆောင်ကာ အရေးယူဆောင်ရွက်တာတွေကို လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
ဒီအခုထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်လာတဲ့ သူအများစုဟာ မြန်မာနိုင်ငံအတွင်းမှာ စစ်ရေး နိုင်ငံရေးအကြပ်အတည်းတွေကြောင့် ထိုင်းနိုင်ငံ အတွင်းမှာ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ဝင်ရောက်လာသူဖြစ်ကြောင်းကို ထိုင်းအာဏာ ပိုင်တွေဆီမှာ ထွက်ဆိုထားပြီးတော့ ဒီလာရောက်သူအများစုဟာလည်း ထိုင်းနိုင်ငံအတွင်းကို ရောက်ရှိနိုင်ဖို့အတွင် လူတစ်ဦးကို ဘတ်ငွေ နှစ်သောင်းကျော်အထိ ပွဲစားတွေကို ပေးကာ လာရောက်ရတာဖြစ်တယ်လို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထွက်ဆိုထားကြောင်းထိုင်း အာဏာပိုင်တွေက ဆိုထားပါတယ်။
ထိုင်းသတင်းနိုင်ငံ သတင်းတွေရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဩဂုတ်လတစ်လအတွင်းမှာလည်း နယ်စပ်ကနေပြီးတော့ ထိုင်းနိုင်ငံအတွင်းကို တရားမဝင်ဝ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉ဝဝ ထက်မနည်းကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တာလည်း ရှိတယ်လို့ သိရပါတယ်။