မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ လုပ်ဆောင်ချက်တွေဟာ ယခုနောက်ပိုင်းပေါ်ထွက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းအသစ်တွေအတွက် အတုယူစရာ စံပြဖြစ်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ပြောဆိုလာပါတယ်။
ဒီကနေ့ မတ်လ ၁၁ရက်နေ့မှာကျရောက်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ရဲ့ ၃၆နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကိုပေးပို့တဲ့ TNLAနဲ့ AAတို့ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာလည်းဖြစ်ပါတယ်။
ညီနောင်မဟာမိတ်(၃)ဖွဲ့ဟာ တစ်ဖွဲ့ချင်းစီရဲ့ ရည်မှန်းချက်၊ ဘုံရည်မှန်းချက်တွေကို စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အတူတကွ၊ မရပ်မနား ချီတက်ဖြတ်သန်းလာခဲ့တာဟာ နှစ်ပေါင်း ၁၅နှစ်ခန့်ရှိပြီဖြစ်ပြီး တစ်ဖွဲ့ချင်းစီရဲ့ ရည်မှန်းချက်ပြည့်မြောက်ဖို့အတွက် ကျန်နှစ်ဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်ကာ အတတ်နိုင်ဆုံး ဖေးမကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
အဖွဲ့ (၃) ဖွဲ့ရဲ့ အဖွဲ့အစည်း၊ ခေါင်းဆောင်၊ တပ်ဖွဲ့ဝင်တွေ အချင်းချင်းအကြားမှာလည်း အပြန်အလှန်ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ မိတ်ဖက်ပီသမှု၊ လေးစားမှုနဲ့ ယုံကြည်မှုတို့ကို အမြင့်ဆုံးတည်ဆောက်နိုင်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။
ယခုအချိန်မှာ ကိုးကန့်အမျိုးသားထု တစ်ရပ်လုံးနဲ့ (MNTJP/MNDAA) အဖွဲ့အစည်းရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေဟာ အတိုင်းအတာတစ်ခုအထိအထမြောက်ခဲ့ပြီဖြစ်
ပြီး ကိုးကန့်ဒေသ ယခုထက် အေးချမ်းသာယာ၊ စည်ပင်၊ ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်း အားထုတ်ဖို့လည်း TNLAနဲ့ AAက တိုက်တွန်းထားပါတယ်။
ကိုးကန့်အဖွဲ့အစည်းရဲ့ အတိတ်ကာလမှာ ကောင်းခြင်း၊ ဆိုးခြင်း၊ လောကဓံ အနိမ့်အမြင့်၊ အတက်အကျတို့ကို များစွာကြုံခဲ့ဖူးပြီး ခါးသီးတဲ့သင်ခန်းစာတွေကိုလည်း ရရှိခဲ့သလို
အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေမှာလည်း အတုယူ စရာနဲ့ သတိမူစရာ သင်ခန်းစာတွေကို ပြသထားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအတွက်လည်း အတုယူစရာ နမူနာကောင်းတွေကို လမ်းညွှန်ပြသထားခဲ့ပြီးဖြစ်တယ်လို့လည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။
လက်ရှိ ကိုးကန့် အဖွဲ့အစည်းကို ခေါင်းဆောင်နေကြတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ဦးဆောင်မှုအောက်မှာ ကိုးကန့်အဖွဲ့အစည်းက လိုလားတဲ့ ကိုးကန့်ရွှေရောင်နေ့ရက်တွေကို ပြန်လည်ရောက်ရှိလာပါစေဖို့လည်း TNLAနဲ့ AAက ဆုမွန်ကောင်း တောင်းထားပါတယ်။
နောက်လာမယ့် ကာလတွေမှာလည်း ညီနောင်မဟာမိတ်(၃)ဖွဲ့အကြား စုစည်းညီညွတ်မှုဟာ ပိုပြီး အရေးကြီးလာမှာဖြစ်ပြီး၊ ရရှိထားတဲ့ အောင်မြင်မှုအသီးအပွင့်တွေကို တာရှည်ခံပြီး ပိုမို ဖွံ့ဖြိုးလာစေဖို့ အစမ်းသပ်ခံကာလဖြစ်တယ်လို့လည်း TNLAနဲ့ AAက သုံးသပ်ထားပါတယ်။
ဒါကြောင့် ညီနောင် မဟာမိတ် (၃) ဖွဲ့ အကြား စည်လုံးညီညွတ်မှု၊ နားလည်မှုကို ယခုထက်ပိုပြီး ခိုင်မာသည်ထက် ခိုင်မာအောင် ဆက်လက် လုပ်ဆောင်သွားကြရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကိုးကန့်တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ အသက်၊ ဘဝ၊ ခန္ဓာများစွာတို့ကို ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြသူတွေအားလုံးကိုလည်း လေးနက်စွာ ဂုဏ်ပြုတယ်လို့လည်း TNLAနဲ့ AAရဲ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
ကိုးကန့်တပ်ဖွဲ့(MNDAA)ကို ၁၉၈၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီကနေ့ ၂၀၂၅ခုနှစ်၊ မတ်လ ၁၁ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်တာ ၃၆နှစ် ပြည့်ခဲ့တာလည်းဖြစ်ပါတယ်။





CelNova Boutique – Navigation is simple, site responds quickly, and purchasing is smooth.
shopping page – Everything is clearly arranged and browsing is enjoyable.