တောင်ကုတ် – ပန်းတောင်းလမ်းမှာရှိတဲ့ လေလာတောင်အနီးဝန်းကျင်မှာ အာရက္ခတပ်တော်- အေအေ နဲ့ စစ်ကော်မရှင်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွါးနေတယ်လို့ စစ်ရေးသတင်း အရင်အမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ စစ်ကော်မရှင်တပ်ဟာ ပန်းတောင်းလမ်းဘေးက ကပစ (၁၆)ရဲ့ ပွိုင့် ၅၀၀ ကာကင်းစခန်းကုန်းကို ရာနဲ့ချီတဲ့ စစ်အင်အားတွေဖြည့်တင်းကာ ထိုးစစ်ဆင်မှုတွေလုပ်ဆောင်တဲ့ အတွက် အခုလို နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာတာဖြစ်တယ်လို့ အဲဒီစစ်ရေးသတင်းအရင်းအမြစ် က ပြောပါတယ်။
“ပွိုင့် ၅၀၀ ကာကင်းကို စစ်အင်အားရာချီပို့တာရှိတယ် ဒီရက်ပိုင်းထဲမှာ တိုက်ပွဲဖြစ်တာကတော့ ၂၅ ရက်နေ့ကပင် တိုက်ပွဲစဖြစ်တာ ဖြစ်တယ်။လက်ရှိမှာလည်း စစ်တပ်ဘက်က ထိုးစစ်တွေ ဆက်တိုက် လုပ်နေတယ်”လို့ သူကပြောပါတယ်။
စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်လည်ရယူနိုင်ဖို့ အတွက် အခုလို အင်အားဖြည့်တင်းကာထိုးစစ်ဆင်နေမှုတွေလုပ် ဆောင်နေတာဖြစ်ပြီးတော့ တဖက်မှာလည်း အာရက္ခတပ်တော် ရဲ့ခုခံစစ်ကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။




