ချင်း နဲ့ ရခိုင်ကုန်သွယ်ရေးကိုထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်မရှင်က မကွေးတိုင်း ထဲက ဆောမြို့နယ်ဘက်တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနေတာတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာဘဲ စစ်ကော်မရှင်တပ်ဟာ မင်းတပ်မြို့ နဲ့ ၁၀ မိုင်လောက်သာ ဝေးတဲ့ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံကြီးကျေးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးတော့ သိမ်းပိုက်ကာ တပ်များဖြန့်ကျက်ထားတာတွေကိုလုပ်ဆောင်ထားတယ်လို့ အဲဒီစစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
“အခု စစ်ကော်မရှင်တပ် ထိန်းချုပ်လိုက်တဲ့ နေရာက မင်းတပ် နဲ့ ၁၀ မိုင်လောက်ဝေးတယ် အဓိက ချင်း- ရခိုင်- မကွေး ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျတဲ့ လမ်းဆုံနေရာက ရွာတစ်ရွာဖြစ်တယ် တပ်တွေ တော်တော်ချာထားတယ် လမ်းကြောင်းတွေ အကုန်လုံးကိုလည်း ပိတ်ထားတယ်”လို့ သူကပြောပါတယ်။
လက်ရှိ ကံကြီးကျေးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ ကျောက်ထုမြို့၊ အမြောက်တပ် (အမတ) ၃၆၇ နဲ့ ပေါင်းစပ်ထားတဲ့ တပ်တွေ ဖြစ်ပြီးတော့ အဲဒီတပ်ရင်းတစ်ခုတည်းမှာဘဲ စစ်အင်အား ၂၀၀ကျော်အထိပါဝင်တယ်လို့လည်းဆိုပါတယ်။
လက်ရှိ စစ်ကော်မရှင်တပ်တွေထိန်းချုပ်ထားတဲ့ ကံကြီးကျေးရွာဟာ ပခုက္ကူ- ကျောက်ထု၊ ဆော၊ ပခုက္ကူ- ကျောက်ထု – မင်းတပ်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီး ပေါ်မှာရှိနေတဲ့ ကျေးရွာ တစ်ခုဖြစ်ပြီးတော့ ချင်း၊ ရခိုင် ကုန်သွယ်ရေးကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်လာနေတာဖြစ်တယ်လို့လည်းဆိုပါတယ်။
အဲဒီကနေတဆင့် ယောဒေသထဲက ဆော- ကျောက်ထုလမ်းပိုင်းကိုပါ ထိန်း ချုပ်နိုင်ဖို့ အတွက် စစ်ကော်မရှင်တပ်တွေ အနေ နဲ့ ကြိုးစားမှုရှိနေတဲ့ အတွက် စစ်ကော်မရှင်တပ်တွေ နဲ့ တော်လှန်ရေးတပ်တွေအကြားမှာလည်း နှစ်ဖက်စစ်ရေးတင်မာမှုတွေ ရှိနေတယ်လို့လည်း သူကပြောပါတယ်။




