ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မာန်အောင်မြို့နယ် အတွင်းက လင်မယား နှစ်ဦး စကားများ ရန်ဖြစ်ပြီးတော့ လင်ဖြစ်သူက ဇနီးဖြစ်သူကို သတ်ဖြတ်ထားခဲ့တယ်လို့ သေဆုံးသူ မိသားစုဝင်တွေကပြောပါတယ်။
ဖြစ်စဥ်က ဇန်နဝါရီလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖလန်းဆောင်မြို့မှာ ဖြစ် ပွားခဲ့တာဖြစ်ပြီးတော့ လင်ဖြစ်သူ အသက် ၃၇ နှစ်အရွယ် ကျော်မင်းနိုင်က ဇနီးဖြစ်သူ အသက် ၂၈ နှစ်အရွယ် မကျော့ကျော့ဝေကိုသတ် ဖြတ်ထားခဲ့တာပါ။
လင်ဖြစ်သူမှာ မာန်အောင်မြို့နယ် ၊ပန်းခြံရွာဇာတိဖြစ်ပြီးတော့ ဇနီးဖြစ်သူကတော့ ပြားကြီးကျေးရွာ ဇာတိဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ လင်မယား နှစ်ဦးဟာ ပြီးခဲ့တဲ့ လပိုင်းက စကားများရန်ဖြစ်ပြီးတော့ တစ်ယောက်တစ်နေရာစီနေထိုင်နေကြတဲ့ သူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
လင်ဖြစ်သူမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က ဇနီးဖြစ်သူ နေထိုင်နေတဲ့ ဖလန်းဆောင်မြို့အတွင်းရှိ ဆိုင်ကယ်မူလီ လုပ်ငန်းစက်ရုံတစ်ခုအနီးက မြန်မာအလုပ်သမားတွေ နေထိုင်တဲ့ တန်းလျားကို ရောက်လာပြီးတော့ အပြန်အလှန်စကားများ ရန်ဖြစ်တာတွေ ထပ်ဖြစ်ကာ ဇနီးဖြစ်သူကို အခုလိုရက်ရက် စက်စက် သတ်ဖြတ်သွားခဲ့တာလို့ သေဆုံးသူ မိသားစုဝင်တစ်ဦးကပြောပါတ ယ်။
“အမတို့နဲ့လည်းဝေတယ် နေတာက နည်းနည်း ဒီကလူတွေဖုန်းဆက်ပြောမှသိတာ။အဲဒီကောင်လေးက အဆောင်ကိုလာပြီးပြသနာရှာတယ်ပြောတယ်။လင် မယားတွေ ဆိုတော့လည်းဘေးကလူတွေက ဝင်မပြောကြဘူး ဆိုတော့ အထဲကို ဆွဲခေါ်သွားပြီး တစ်နာရီလောက်ကြာတော့ အဲကောင်လေးပြန်ထွက်သွားတယ်လို့ပြောတယ်။နာရီဝက်လောက်ကြာတော့ အနားကလူတွေသွားကြည့်တော့ ပုသငယ်က သွေးတွေ နဲ့ သေနေပြီ”လို့ သူကပြောပါတယ်။
သေဆုံးသူ ကိုယ်ပေါ်မှာ ဝက်အူလှည့် နဲ့ ဗိုက်ကိုထိုးသွင်းထားတဲ့ ဒဏ်ရာ ၃ ချက် နဲ့ လည်ပင်းကို ညှစ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့လည်းသူကပြောပါတယ်။
ဇနီးဖြစ်သူကို သတ်ဖြတ်သွားတဲ့ ကျော်မင်းနိုင်ကတော့ လက်ရှိအချိန်ထိ ထွက်ပြေးလွတ်မြောက်နေတဲ့ အတွက် ထိုင်းရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးနိုင် ဖို့ ရှာဖွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်လူသတ်တရားခံဖြစ်တဲ့ ကျော်မင်းနိုင်ကို တွေ့ရှိခဲ့ရင်လည်းဖုန်းနံပါတ် ၀၉၀၇၀၁၉၃၁၇ ကို အသိပေးဆက်သွယ်ပေးဖို့ကို မိသားစုဝင်တွေက မေ တ္တာရပ်ခံ ထားပါတယ်။




