
ကျောက်ဖြူမြို့နယ် ၊ဇင်ချောင်းကုန်းဘွေရွာ၊ ကျောက်ဖြူ – ရန်ကုန် ကားလမ်းမ အနီးက ရွှေရက္ခိုင်ကားဂိတ် အနီးကို စစ်ကော်မရှင်က ဒီနေ့ ဇန်နဝါ ရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ဒရုန်း နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ဆူဆိုဒ်ဒရုန်း(၁)စီးဟာ အဲဒီအနီးကို ရောက်ရှိလာပြီးတော့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကားဂိတ်အနီးမှာ ရှိနေတဲ့ ကုန်ဘောင်ကြီးကျေးရွာက ဒေသခံ ၂ ဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် မပန်းအိစံ အသက် ၃၀ အရွယ် ကိုမင်းသက်ထွန်းတို့မှာ ခြေထောက်တွေကို ထိမှန်ဒဏ်ရာ ရရှိသွားခဲ့ကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီအနီးဝန်ကျင်က ဒေါ်စောစောဝင်းဆိုသူရဲ့ နေအိမ်ဟာလည်း ဗုံးစထိမှန် ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူမြို့နယ် အတွင်းမှာ စစ်ရေးအရှုံး နဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်၊ဇန်နဝါရီလ ၁၇ ရက်၊ဇန်နဝါရီလ ၁၈ ရက်နေ့တွေကလည်း ကျောက်ဖြူမြို့နယ် အတွင်းက စစ်ဘေးရှောင်တွေ နေထိုင်ရာ နေရာတွေကို ဂျက်ဖိုက်တာ၊အသေခံဒရုန်း အပြင် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေလုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ် အတွင်းက စစ်ဘေးရှောင်ပြည်သူ ၅ ဦးသေဆုံးခဲ့ရသလို ဒဏ်ရာ ရသူ ၂ ဦး နဲ့ နေအိမ် ၂ ဆောင်ပျက် စီးသွားတာလည်း ရှိခဲ့ရပါတယ်။



