CNA၊ဂူးဂူး။
ဒီနေ့မနက် ပိုင်းက ဂွမြို့နယ်အတွင်းက သဗြုချောင်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်လို့ နေအိမ်အများအပြားပျက်စီးပြီးတော့ ဒေသခံ တစ်ဦး သေဆုံးသွားခဲ့ရပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေတို့ဟာ ဒီနေ့မနက်ပိုင်းကတည်းကပင် သဗြုချောင်းကျေးရွာ အနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ကူပေးရာကနေ အခုလို ကျေးရွာအတွင်းကိုကျရောက်ပေါက်ကွဲကာ နေအိမ်တွေပျက်စီးပြီး ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“တိုက်ပွဲ ဖြစ်နေတာပါ စစ်ကောင်စီက လက်နက်ကြီးတွေ နဲ့ ပစ်လို့ကျေးရွာ အတွင်းကို ကျတာ။နေအိမ်တွေလည်း တော်တော်ပျက်စီးသွားတယ်။ဒေသခံတစ်ယောက်ကတော့ သေတယ်။ကျန်တဲ့သူတွေကတော့ ထွက်ပြေးနေကြရတယ်လို့”သူကပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သေဆုံးသွားသူကတော့ သဗြုချောင်းကျေးရွာက ကိုညီလေးဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ အာရက္ခတပ်တော်နဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကုလားပြင်(ရတနာမြိုင်)ကျေးရွာ အတွင်းကတပ်ဆုတ်ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်တွေ ဖြစ်ပြီး အေအေရဲ့ ထိုးစစ်ကို သဗြုချောင်း၊ကြွေချိုင် နဲ့ တိုင်ကျိုးကြားမှာ ခုခံစစ်အနေ နဲ့ အေအေရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။
“လက်နက်ကြီးကတော့ ဘယ်ကပစ်တာလဲဆိုတာတော့မသိဘူး။ကျေးရွာထဲမှာတော့ အိမ်တွေ တော်တော်ပျက်စီးသွားတယ်။ကျနော်တို့အိမ်ကိုလည်း လက်နက်ကြီးကျတယ်။အခုဖြစ်နေတာက ကုလားပြင်(ရတာနမြိုင်)ကတပ်ဆုတ်ပြီး ပြေးလာတဲ့ စစ်ကောင်စီတပ်တွေ နဲ့ဖြစ်နေတာ ဖြစ်တယ်။ကျေးရွာသားတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်လို့”သူကပြောပါတယ်။
အာရက္ခတပ်တော် အေအေ အနေ နဲ့ ဂွမြို့နယ်၊ကျိန္တလီမြို့ အတွင်းက ကိုင်းခုန် နဲ့ကံဂေါ်တောင်က စစ်ကောင်စီတပ်စခန်းတွေကိုလည်း အောက်တိုဘာလ (၆) ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။
လက်ရှိမှာ ဂွမြို့နယ် တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရရှိနိုင်ဖို့အတွက် ဂွမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။