အမ်း – ပဒါန်လမ်းပိုင်းမှာရှိတဲ့ ဂုတ်ကြီးကျေးရွာထိပ် နဲ့ မိုင်းတိုင် ၁၁ မှာရှိတဲ့ စစ်ကောင်စီရဲ့ လုံးခြုံရေး ကင်းစခန်း ၂ ခုကို လူထုတော်လှန်ရေး မဟာမိတ် အင်အားစုတွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
ထုတ်ပြန်ချက်ထဲမှာ “၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက် ၁၁း၀၃ နာရီခန့်တွင် ဂုတ်ကြီးကျေးရွာထိပ်၊ဘုံဘောလမ်းဆုံ နှင့် မိုင်တိုင် (၁၁)တို့ရှိ အမ်း -ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသော စစ်ကောင်စီ၏ ကင်းစခန်း ၂ ခုကို မိမိတို့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) အရှိုချင်းကာကွယ်ရေးတပ် ( ACDF) နှင့် မင်းဘူးခရိုင် အမှတ် ( ၂) တပ်ရင်းတို့ ပူးပေါင်း၍ တစ်ပြိုင်နက်တည်းစီးနင်းတိုက်ခိုက်ခဲ့သည်”ဖော်ပြထားသည်။
အဲဒီလိုစီးနင်းဝင်ရောက်တိုက်ခိုက်ပြီးနောက် လူထုတော်လှန်ရေး မဟာမိတ် အင်အားစုတွေ နဲ့ စစ်ကောင်စီတပ်တွေဟာ နာရီဝက်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကူရောက်ရှိလာတာ၊နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းက ဟောင်ဝစ်ဇာတွေ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်တာကြောင့် လူထုတော်လှန်ရေးမဟာမိတ် အင်အားစုတွေဟာ အဲဒီ ကင်းစခန်းကိုအပြီး သတ်ရှင်းလင်းရေး မလုပ်ဆောင်နိုင်ခဲ့ပဲ ဆုတ်ခွါလာကြရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲ အတွင်းမှာ စစ်ကောင်စီဘက်က တပ်သား ၁၀ ဦးခန့်သေဆုံးတာ ရှိခဲ့သလို ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ဆိုယ်ကယ်တွေ နဲ့ စစ်ကောင်စီက ကယ်ထုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသကို ထိန်းချုပ်စိုးမိုးနိုင်ရေးဟာ လူထုတော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့ စစ်ရေးရည်မှန်းချက်ဖြစ်ပြီး အခု အမ်း – ပဒါန်းလမ်းပိုင်းထိန်ချုပ်ရေးဟာလည်း စစ်ရေးရည်မှန်းချက်ဖြစ်သလို ဒီလှုပ်ရှားမှုဟာ ရှေ့ပြေး အနေ နဲ့ စတင်လှုပ်ရှားမှုလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင့် လူထုတော်လှန်ရေး မဟာမိတ် အင်အားစုတွေဟာ ဒေသအသီးသီးမှာ စစ်နယ်ဝန်းတိုးချဲ့လာမှု နဲ့ အတူ တညီတညွတ်တည်း စုပေါင်း ပြီးတော့ ဆက်လက် အကောင်အထည်ဖော်လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။
