CNA၊မြတ်သူ။
ဇန်နဝါရီလ ၊ ၁၁ ။
စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ဖြစ်တဲ့ မာန်အောင်မြို့အတွင်းမှာ ငွေသား ရှားပါးမှု နဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မာန်အောင်ဟာ တိုက်ပွဲတစ်စုံတရာဖြစ်ပွားမရှိပေမဲ့ စစ်ကောင်စီဟာ သွားလာခွင့်၊ကုန်ပစ္စည်သယ်ယူခွင့်တွေကိုရခိုင်တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်း ကပင် စစ်ကောင်စီရဲ့ တားမြစ်ကန့်သတ်မှုတွေကို ခံထားရတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။
အဲဒါတွေအပြင် ၂၀၂၄ နိုဝင်ဘာလလောက်ကတည်းကပင် မာန်အောင်ကို စစ်ကောင်စီက ဖုန်းလိုင်း အင်တာနက်လိုင်းတွေကို ထပ်မံ ဖြတ်တောက် ပစ်လိုက်တာကြောင့် အခုအခါမှ ဒေသခံတွေ အနေ နဲ့ ငွေထုတ်ရေးအပိုင်းတွေ မှာ အခက်တွေ့နေရသလို ငွေသားရှားပါးမှုတွေကိုပါ ရင်ဆိုင်နေရတယ်လို့ မာန်အောင်က ငွေလွဲငွေထုတ်ပြုလုပ်သူ ဒေသခံ တစ်ဦးကပြောပါတယ်။
“ငွေသားရှားပါးမှုကတော့ ဖြစ်လာတယ်အခုနောက်ပိုင်း။ငွေသားက မာန်အောင်ကိုဝင်မှမဝင်တော့တာ။ဘဏ်တွေမှာလည်း ထုတ်မရ။တော်တော်အခက်အခဲဖြစ်တယ်။KBZ ဘဏ်က ပိတ်တာတော့ ကြာပါပြီ ။စီပွားရေး ဘဏ်မှာလည်း ငွေသားထုတ်လို့မရဘူးလို့”သူကပြောပါတယ်။
ဒီလိုငွေသားရှားပါးမှုကို ဆက်လက်ရင်ဆိုင်နေရမယ်ဆိုရင် ဒေသခံပြည်သူတွေ အနေ နဲ့ စားဝတ်နေရေးပိုင်းတွေမှာ ပိုမိုအဆင်မပြေမှုတွေဖြစ်လာမှာ ဖြစ်တဲ့အတွက် ဒီကိစ္စကို စစ်ကောင်စီအနေ နဲ့ ဖြေရှင်းပေးသင့်တယ်လို့လည်း ဆိုကြပါတယ်။
“ရန်ကုန်တို့မှာလို Kpay နဲ့လည်းရှင်းလို့လည်းရတာမဟုတ်ဘူး။ဒီကိစ္စကို စစ်ကောင်စီက ဖြေရှင်းပေးသင့်တယ်။အခုက ဖုန်းလိုင်း အင်တာနက်လိုင်းတွေကိုပါဖြတ်ထားတော့ ပိုအဆင်မပြေဖြစ်တယ်။ဒါကိုသူတို့လုပ်ထားတော့ သူတို့အဆင်ပြေအောင်ဖြေရှင်းသင့်တယ်လို့”နောက်ထပ် မာန်အောင်ဒေသခံတစ်ဦးက ဆိုပါတယ်။
လက်ရှိမာန်အောင်က ဒေသခံတွေဟာ ပြည်ပက ပေးပို့လာတဲ့ ငွေတွေကို သက်ဆိုင်ရာ ဒေသက မိသားစုတွေကို ပြန်လည်ထုတ်ပေးနိုင်ဖို့ အတွက် စစ်ကောင်စီတပ်စခန်းတွေ ရှိရာနေရာတွေမှာ အင်တာနက်သုံးစွဲခ ငွေကြေးပေးကာ အခက်အခဲများစွာ နဲ့ ထုတ်ပေးနေကြရတယ်လို့လည်းဆိုပါတယ်။
အဲဒီလို ထုတ်ပေးတဲ့ နေရာမှာလည်း ငွေသားအခက်အခဲတွေကြောင့် ချက်ခြင်းလွဲ ချက်ခြင်းထုတ် မရသလို ဝန်ဆောင်ခတွေကို ငွေလွဲသူတွေ အနေ နဲ့ အဆမတန်စျေးမြင့်ပေးကာ ထုတ်ယူနေကြရတယ်လို့ဆိုပါတယ်။
“ငွေထုတ်ပေးတဲ့သူတွေကိုလည်း အပြစ်တောမပြောဘူး သူတို့လည်း သူတို့မှာ အခက်အခဲတွေ အများကြီးရှိတယ်။တစ်သိန်းကို ၈၀၀၀ ကနေ ၂၀၀၀၀ ထိပေးရတယ် အခုက ။အိမ်ကိုငွေ တစ်သိန်းလွဲရင် ရှစ်သောင်းလောက်ပဲရတယ်။အရင်ဖုန်းလိုင်းရတုန်းကတော့ ၅၀၀၀ လောက်ပဲရှိတယ်အခုဖုန်းလိုင်းတွေပါ ဖြတ်လိုက်တာကြောင့် ပိုစျေးတက်သွားတာဖြစ်တယ်လို့”ပြည်ပကို ရောက်နေတဲ့ မာန်အောင်ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် ရဲ့ ရခိုင်တကျော့ပြန်တိုက်ပွဲဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းပင် ပြန်လည်စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲဖြစ်ပွားလာတာဟာ တစ်နှစ်ကျော်အထိ ကြာမြင့်လာနေပြီးဖြစ်ပါတယ်။
အဲဒီတစ်နှစ်ကျော်ကာလအတွင်းမှာ အာရက္ခတပ်တော် ဟာ ပလက်ဝဒေသအပါအဝင် ရခိုင်က မြို့ကြီး ၁၄ မြို့ကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီးဖြစ်ပါတယ်။
နောက်ထပ် သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ စစ်တွေ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ အာရက္ခတတော်က ပြောဆိုထားပါတယ်။