CNA ၊ မြတ်သူ ။
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်လုံဟာ စစ်ကောင်စီလက်အောက်မှာမရှိတော့တဲ့ အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရ ဟာ အာရက္ခတပ်တော် နဲ့ မဆက်ဆံဘဲ နေမရတော့တာကြောင့် ဆက်ဆံရေး လုပ်ဖို့ လိုအပ်လာနေတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ရဲ့ နိုင်ငံခြားရေးအကြံပေး Md. Towhid Hossain က သတင်းမီဒီယာတွေကို ပြောဆိုလိုက်ကြောင်း BDDigest သတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။
အဲဒီပြောဆိုမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရ ရဲ့ နိုင်ငံခြားရေးအကြံပေး Md. Towhid Hossain က ဧပြီလ ၂၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒါကာမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဟာ မြန်မာအစိုးရအာဏာအောက်မဟုတ်တော့ဘဲ အာရက္ခတပ်တော်(Arakan Army) က ထိန်းချုပ်ထားပြီးဖြစ်တယ်။ အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်အနေ နဲ့ အာရက္ခတပ်တော်(Arakan Army) နဲ့ လိုအပ်သလောက် ဆက်ဆံရေးကို လုပ်သွားဖို့ လိုအပ်တယ်”လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေး Md. Towhid Hossain ပြောဆိုခဲ့ပေမယ့် အသေးစိတ် အချက်အလက်ကိုတော့ ပြောဆိုသွားခဲ့တာ မရှိဘူးလို့ BDDigest သတင်းဌာနမှာ ရေးသားဖော်ပြထားသည်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကျိုးစီးပွားတွေဟာလည်း တိုက်ရိုက်ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအ ကြံပေး Md. Towhid Hossain ကပြောဆိုခဲ့ကြောင်းဖော်ပြထားသည်။
ဒါ့အပြင် မြန်မာပြည်တွင်း ပဋိပက္ခတွေ ကြောင့် မြန်မာနိုင်ငံအတွင်းက လူဦးရေ များစွာဟာလည်း ဒီအချိန်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းမှာ ခိုလှုံမှုတွေ ရှိနေတဲ့ အတွက် ဒီဒုက္ခသည်တွေ ပြန်သွားရေး အတွက်ကိုလည်း လိုအပ်တဲ့ အတိုင်း ဖြေရှင်းဆောင်ရွက်တာတွေ လုပ်သွားဖို့ လိုအပ်ကြောင်းကိုလည်း သူကထည့်သွင်းပြောဆိုထားသည်။
ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြတ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့ဖို့အတွက် ကိုလည်း ကုလသမဂ္ဂကတောင်းဆိုမှုကို အသွင်ကူးပြောင်းရေးကာလ အစိုးရကလည်း အခြေအနေတွေအရ ဒါကို မူအရ သဘောတူထားတာတွေ ရှိနေပြီးတော့ သူတို့လိုအပ်တဲ့ အခြေအနေတွေ ပြည့်မီခဲ့ရင်တော့ ဒီကူညီရေး ကိစ္စကို လက်ခံကာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအ ကြံပေး Md. Towhid Hossain ကပြောဆိုထားကြောင်းကို ရေးသားဖော်ပြထားပါတယ်။
ဒါ့ပေမယ့် လက်ရှိမှာတော့ အခြေအနေအချို့ရှိနေသေးတာကြောင့် အသေးစိတ်အခြေအနေတွေကိုတော့ သူ့အနေ နဲ့ ထုတ်မပြောသေးဘူးလို့လည်း ဆိုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လကပင် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးသွားခဲ့ရတဲ့ မြန်မာနိုင်ငံက မွတ်ဆလင်( ရိုဟင်ဂျာ) ဒုက္ခသည် ၁ ဒသမ ၃ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရတာလည်း ဖြစ်ပါတယ်။