သတ်မှတ်ကာလအတွင်းမှာ ပါတီဝင်ဦးရေ နဲ့ ပါတီရုံးခန်းမဖွင့်တဲ့ နိုင်ငံရေးပါတီ ၄ ခု ရဲ့ မှတ်ပုံတင်ခွင့်ပြုထားချက်ကို ပယ်ဖျက်ကာ ပါတီတွေကိုလည်း ဖျက်သိမ်းတယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီနေ့စက်တင်ဘာလ ၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လာပါတယ်။
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံ ရေးပါတီတွေ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (စ) နဲ့ (ဇ)တို့အရ နိုင်ငံရေးပါတီတွေဟာ ပါတီဝင်ဦးရေ နဲ့ ပါတီရုံးခန်းကိုသတ်မှတ်ချက်ပြည့်အောင်ဆောင်ရွက်ပြီးစီးကြောင်းကို စက်တင်ဘာလ ၇ ရက်နေ့မှာ နောက်ဆုံးထားတင်ပြရမယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားခဲ့ပါတယ်။
လက်ရှိမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (စ) အရ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မှီတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ – NDF ပါတီကို မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (ခ) အရ ဒီနေ စက်တင် ဘာ ၉ ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ကာ ပါတီတွေကို ဖျက်သိမ်းလိုက်တယ်လို့ ဆိုထားပါတယ်။
အဲဒီလိုပဲ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ဇ) အရ ပါတီရုံးခန်းများ သတ် မှတ်အရေအတွက် မပြည့်မီတဲ့ ပါတီတွေ ဖြစ်ကြတဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ – DNP ပါတီ၊အမျိုးသမီးပါတီ(မွန်)ပါတီ နဲ့ ပြည်ထောင်စုလယ်သမားအလုပ်သမား အင်အားစုပါတီ တွေကိုလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (ခ) အရ ဒီနေ စက်တင်ဘာ ၉ ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ကာ ပါတီတွေကို ဖျက်သိမ်းလိုက်တယ်လို့ ဆိုထားပါတယ်။
စစ်ကော်မရှင်ကဟာ အခုလမယ့် ဒီဇင်ဘာလ ထဲမှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။




