နေဆန်းလွင် နဲ့ ဦးထွန်းခင်တို့ ဦးဆောင်ဖွဲ့စည်းထားတဲ့ အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ Arakan Rohingya National Council – ARNC အဖွဲ့ကို မတရားအသင်းအဖြစ်ကြေညာတယ်လို့ ငြိမ်းချမ်းရေး သံဃသမဂ္ဂ က ဒီနေ့မှာ သတင်း ထုတ်ပြန်လာပါတယ်။
အခုလို Arakan Rohingya National Council – ARNC အဖွဲ့ကို မတရားအသင်းအဖြစ်အနေ နဲ့ ငြိမ်းချမ်းရေး သံဃသမဂ္ဂ ကထုတ်ပြန်ကြေညာရတာဟာ Arakan Rohingya National Council – ARNC အဖွဲ့မှာ ပါဝင်သူတွေ နဲ့ ဆက်နွယ်နေသူတွေရဲ့ ရည်ရွယ်ချက် နဲ့ လုပ်ရပ်တွေဟာ နွေဦးတော်လှန်ရေးတခုလုံးကို ဒါမှမဟုတ် ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်ကြတဲ့ ရခိုင် နဲ့ မွတ်စလင်လူမျိုးများအကြားမှာ အနှောင့်အယှက် အန္တရာယ်ဖြစ်စေတယ်လို့ ယုံကြည် ယူဆတာကြောင့် အခုလို ထုတ်ပြန်ရတာဖြစ်တယ်လို့ ငြိမ်းချမ်းရေး သံဃသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီ အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ကို နိုင်ငံတကာကိုရောက်ရှိနေကြတဲ့ (မွတ်ဆလင်) ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူဖြစ်တဲ့ ကိုနေဆန်းလွင် နဲ့ ဦးထွန်းခင် တို့က ဦးဆောင်ပြီးတော့ ဗဟိုကော်အလုပ်အမှုဆောင်ကော်မတီဝင် (CEC) ၄၀ ဦး နှင့် ဗဟိုကော်မတီဝင် (CC ) ၆၀ ဦး နဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာဖွဲ့စည်းပြီးခဲ့ကြောင်းကို ထုတ်ပြန်ခဲ့ပါတယ်။
ARNC အဖွဲ့ကို ဖွဲ့စည်းရတဲ့ အဓိကရည်မှန်းချက်ကတော့ ရိုဟင်ဂျာ(မွတ်ဆလင်)တစ်မျိုးသားလုံးရဲ့ နိုင်ငံရေးအသံကို စည်းလုံးညီညွတ်စွာနဲ့ ကိုယ်စားပြုဖော်ထုတ်ဖို့ နဲ့ ရခိုင်မှာ ရိုဟင်ဂျာ(မွတ်ဆလင်)တွေကို ဌာနေတိုင်းရင်းသားဖြစ်မှု၊မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရမှု ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာ(မွတ်ဆလင်)တွေ အနေ နဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုအပြည့်အဝ ရရှိမှု၊လုံခြုံရေးအာမခံချက် နဲ့ နိုင်ငံတကာ စောင့်ကြည့်မှုအောက်မှာ ဘိုးဘွားပိုင်မြေကို လုံခြုံစွာ ဂုဏ်သိက္ခာ ရှိရှိ နဲ့ အမြန်ဆုံးပြန်နိုင်ရေး ဆိုတဲ့ အချက်တွေ အပါအဝင် ရခိုင်လူထုခေါင်းဆောင်တွေ ၊မြန်မာနိုင်ငံဒီမိုကရေစီအင်အားစုတွေ၊အာရက္ခတပ်တော် အပါအဝင် သက်ဆိုင်သူအားလုံး နဲ့ အနာဂတ်ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံ ထူးထောင်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ရဖို့ နဲ့ မြန်မာစစ်တပ် နဲ့ အာရက္ခတပ်တော်က ဆောင်ရွက်နေတဲ့ ရိုဟင်ဂျာ(မွတ်ဆလင်)လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေကို တုန့်ပြန်တိုက်ဖျက်သွားမယ်ဆိုတဲ့ အချက်အပါအဝင် ရည်မှန်းချက် ၆ ချက် နဲ့ ဒီ အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။




