စစ်ကော်မရှင်က ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ(ဟောင်း) ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ စစ်ကော်မရှင်ကပြောဆိုပြီးတဲ့ နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ Kim Aris (ခ)ကိုထိန်လင်း က စစ်ကော်မရှင် ပြောဆိုချက်ကို အတည်ပြုဖို့အတွက် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ တောင်းဆိုလာတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့မှာ The Independent သတင်းဌာနက ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါဖြစ်နေတဲ့ အတွက် နှလုံးအထူးကုဆရာဝန်နဲ့ ပြသဖို့ကို စစ်ကော်မရှင်ဆီမှာ တောင်းဆိုခဲ့ပေမယ့် စစ်ကော်မရှင်က ငြင်းဆိုထားခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ Kim Aris (ခ)ကိုထိန်လင်းကလည်း သူ့မိခင်ကို ဆေးကုသခွင့်ပေးဖို့ တောင်းဆိုတာကို လုပ်ဆောင်ခဲ့ပြီးတဲ့ နောက်မှာတော့ စစ်ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းဘူးဆိုတာ သတင်းမှားတာ ဖြစ်တယ်လို့ စစ်ကော်မရှင် ပြောခွင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုခဲ့ပါတယ်။
အဲဒီလို စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုသလို သူ့အမေ ကျန်းမာရေး ကောင်းတယ်ဆိုရင် သူ့ကို တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့လိုအပ်ပြီးတော့ ဒီလိုတွေ့ခွင့်မပေးရင် သူ့အနေ နဲ့ စစ်ကော်မရှင်ပြောဆိုချက်ကို လက်ခံမှာ မဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည် သားဖြစ်တဲ့ Kim Aris (ခ)ကိုထိန်လင်း က သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် အခုလိုပြောဆိုထားတာလည်းဖြစ်ပါတယ်။
“စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “မေမေ နေမကောင်းဘူး”ဆိုတာ မမှန်ကန်တဲ့သတင်းလို့ ဆိုတယ်။ ဒါဆိုရင် မေမေ့ ကျန်းမာရေးအခြေအနေ အတိအကျကို အတည်ပြုဖို့ မေမေနဲ့ တိုက်ရိုက် ဆက်သွယ်ခွင့်ကို ကျွန်တော် တောင်းဆိုပါတယ်။ဒီလိုဆက်သွယ်ခွင့်မရှိရင် သူတို့ပြောဆိုချက်ကို လက်ခံယုံကြည်လို့ မရပါဘူး။ “လို့ သူကပြောဆိုထားပါတယ်။
သူ့ရဲ့မိခင်အနေ နဲ့ အထီးကျန်ထားပြီး မိသားစုဝင်တွေ၊ တရားဥပဒေရေးရာဘက်ကသူတွေ၊ ပြင်ပက ဆရာဝန်တွေနဲ့ တွေ့ခွင့်ကို တင်းကျပ်ထားပြီး၊ ငြင်းဆိုနေတာဟာ လုံးဝမလက်ခံနိုင်ဘူးလို့လည်း သူကပြောဆိုထားပါတယ်။
ဒါ့အပြင် အသက် ၈၀ အရွယ်ဖြစ်တဲ့ သူရဲ့ မိခင်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းထောင်အခြေအနေတွေဟာလည်း သူ့မိခင်ရဲ့ ကျန်းမာရေးကို ထိခိုက်စေမှာ အသေအချာသလို လူ့အခွင့်အရေးတွေကိုလည်း ပိတ်ဆို့ခံထားရတယ်လို့ ဆိုပါတယ်။
“မြန်မာပြည်သူတွေ၊ မေမေ့ရဲ့ မိသားစုတွေနဲ့ ကမ္ဘာတဝှမ်းက မေမေ့အကြောင်းသိလိုသူတွေဟာ မေမေရဲ့ အမှန်တကယ် အခြေအနေကို သိခွင့်ရှိတယ်။ မေမေ့မှာလဲ အမှန်တရား၊ လွတ်လပ်ခွင့်၊ လူ့ဂုဏ်သိက္ခာနဲ့ နေထိုင်ဖို့ အခွင့်အရေးရှိတယ်။ ဒီအခြေခံအခွင့်အရေးတွေကို ပိတ်ပင်ထားတာဟာ ငြင်းမရတဲ့ ရက်စက်မှုကြီး ဖြစ်တယ်”လို့လည်း Kim Aris (ခ)ကိုထိန်လင်း က ပြောဆိုထားပါတယ်။
Kim Aris (ခ)ကိုထိန်လင်း ရဲ့ အဖိုးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးရဖို့အတွက် သူရဲ့အသက်ကို စွန့်ခဲ့သူဖြစ်ပြီးတော့ လက်ရှိ တိုင်းပြည်အတွက် ငြိမ်းချမ်းမှု၊ တိုးတက်မှု၊ တရားမျှတမှု နဲ့ ဒီမိုကရေစီ ရဖို့ကြိုးစားနေတဲ့ မိခင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်ကော်မရှင်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ မတရားဖမ်းဆီး ချုပ်နှောင်ထားပြီးတော့ ထောင်ထဲမှာ သေဆုံးသွားမဲ့ မဖြစ်ကို မဖြစ်စေချင်ဘူးလို့လည်း Kim Aris (ခ)ကိုထိန်လင်း က ပြောဆိုထားပါတယ်။