Home သတင်း မိုင်းအန္တရာယ် တောင်ကုတ် နဲ့ မြောက်ဦးမှာ မိုင်းနင်းလို့ဒေသခံ ၃ ဦး ဒဏ်ရာရ

တောင်ကုတ် နဲ့ မြောက်ဦးမှာ မိုင်းနင်းလို့ဒေသခံ ၃ ဦး ဒဏ်ရာရ

31
0
ပုံ - MPA

CNA ၊ လင်းလင်း၊မြတ်သူ။

တောင်ကုတ်မြို့ နဲ့ မြောက်ဦးမြို့နယ်တွေမှာ စစ်ပွဲတွေ အတွင်းက ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းကို နင်းမိပြီးတော့ အရပ်သားပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့နယ်အတွင်းကမြေမြုပ်မိုင်းနင်းပြီးတော့ ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့သူ ၂ ဦးကတော့ အသက် ၁၈ နှစ်အရွယ် မချယ်ရီသန်း နဲ့ အသက် ၁၄ နှစ်အရွယ် မောင်ခန့်ကျော်ဌေးတို့ ဖြစ်ကြပြီးတော့ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် မချယ်ရီသန်း မှာ ညာခြေထောက်ပြတ်ထွက်ဒဏ်ရာ နဲ့ လက်နဲ့ ပေါင်တွေမှာလည်း ဒဏ်ရာ ရရှိသွားခဲ့ရပြီး မောင်ခန့်ကျော်ဌေးမှာလည်း ဝမ်းဗိုက်ကို မိုင်းစထိမှန်ကာ ဒဏ်ရာ ရရှိသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ ဒီနေ့ မေလ ၇ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွါးခဲ့တာ ဖြစ်ပြီးတော့ အသက် ၁၈ နှစ်အရွယ် မချယ်ရီသန်း နဲ့ အသက် ၁၄ နှစ်အရွယ် မောင်ခန့်ကျော်ဌေးတို့ နှစ်ဦးဟာ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်ခဲ့တဲ့ လင်းမြွေတောင် အနီး ထင်းခွေသွားရာကနေ အခုလို မိုင်းပေါက်ကွဲပြီး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ရတာ ဖြစ်ပြီးတော့ သူတို့ နှစ်ဦးကို အရေးပေါ်ဆေးဝါးကုသတာတွေ လုပ်ဆောင်ပေးထားတယ်လို့လည်း ဆိုပါတယ်။

အဲဒီလိုပဲ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာညနေ မှာလည်း တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးကျော်ထွန်း ဆိုသူမှာ ဇနီးဖြစ်သူ ဒေါ်ဟန်တင် နဲ့အတူ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၅) အနီးမှာ ရှိတဲ့ သူပိုင်ဆိုင်ရာ လယ်ကွင်း အနီးကို သွားရောက်ချိန်မှာ လယ်ကွင်းအနီးရှိလမ်းမှာ ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းကိုနင်းမိပြီးတော့ ခြေထောက်တစ်ဖက်ပြတ်ထွက်ဒဏ်ရာ ရရှိသွားခဲ့ရပြီးတော့ အရေးပေါ်ဆေးကုသပေးတာတွေ ကို လုပ်ဆောင်ထားရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲကာလအတွင်းမှာ သူတို့ တပ်စွဲနေထိုင်ရာနေရာတွေ အပြင် အရပ်သားပြည်သူတွေ သွားလာတဲ့လမ်းတွေ ၊နေအိမ်ခြံဝင်းတွေမှာပါ မိုင်းတွေကို အလွန်အကျွံသုံးထောင်ထားခဲ့တာကြောင့် စစ်ကောင်စီလက်ထဲကနေ အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ထားပြီး ဖြစ်တဲ့ မြို့တွေက ဒေသခံပြည်သူတွေဟာ မိုင်းအန္တရာယ်တွေ နဲ့ ဆက်တိုက်ရင်ဆိုင်ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော်က သူတို့ သိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့တွေမှာ မိုင်းရှင်းလင်းရေးတွေ၊မိုင်းအသိပညာပေးတွေကို ဆက်တိုက်လုပ်ဆောင်ပေးနေတာလည်း ရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here