စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်တွေမြို့ပြည်သူ့ဆေးရုံအတွင်းကို ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲမှု ရှိခဲ့တယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ ညကနေ မတ်လ ၇ ရက်နေ့ မနက်ပိုင်းထိ စစ်တွေ နဲ့ အနီးဝန်းကျင်မှာရှိတဲ့ ပေါက်တောမြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ် ဆောင်ခဲ့တာရှိခဲ့ပြီးတော့ အဲဒီလေကြောင်းတိုက်ခိုက်မှုထဲက ဗုံးသီးတစ်လုံးဟာ ဒီနေ့ မနက် ၄ နာရီဝန်းကျင်လောက်မှာစစ်တွေမြို့ ပြည်သူ့ဆေးရုံခြံဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။
“Y – 12 နဲ့ချတာ တစ်ညလုံး ပေါက်တောဘက်ကို အဲဒီထဲက မနက် ၄ နာရီလောက်မှာ စစ်တွေ ဆေးရုံခြံထဲကို တစ်လုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်။အသံကတော့ တော်တော်ကျယ်တယ်။ဘယ်လို ကျလဲဆိုတော့ ကျနော့်အထင်တော့ မှားပြီးတော့ ချမိတာလို့ထင်တယ်”လို့သူကပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် ဆေးရုံအတွင်းက ငှက်ဖျားကုသဆောင် အပါအဝင် အဆောက်အဦးတချို့ ပျက်စီးသွားတာ ရှိတယ်လို့ ကနဦးသိထားရပြီးတော့ ဆေးကုသနေတဲ့ လူနာတွေ နဲ့ တခြားပြည်သူတွေ ထိခိုက်မှု ရှိ/မရှိဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်တွေမြို့နယ် အတွင်းမှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ ရွှေမင်းဂံဆိပ်ကမ်း အပါအဝင် နေရာ ၄ ခုထက်မနည်းမှာ နှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွါးတာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွါးနေတဲ့ နေရာတွေထဲက ရွှေမင်းဂံဆိပ်ကမ်းကို အာရက္ခတပ်တော်ဟာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်အင်းအား၊ရေကြောင်းအင်အားတွေ နဲ့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေပြီးတော့ စစ်ကော်မရှင်ကလည်း အာရက္ခတပ်တော် ရဲ့ ထိုးစစ်ကို ကြည်း၊ရေ၊လေ အင်အား အလုံးအရင်းနဲ့ ခုခံတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေရဲ့ ပြောဆိုချက်အရသိရပါတယ်။
သတင်း – မြတ်သူ




