စစ်ကော်မရှင် ရဲ့ ဖမ်းဆီးတာကို ခံထားရတဲ့ ရခိုင်တေးသံရှင်မဆုမြတ်ထက် ဒီနေ့မနက်မှာဘဲ အင်းစိန်ထောင်ကနေ ပြန်လွတ်လာခဲ့ပြီးဖြစ်တယ်လို့ သူမ နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေဆီကနေ သိရပါတယ်။
တေးသံရှင်မဆုမြတ်ထက်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ သူမနေထိုင်တဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်အတွင်းက နေအိမ်မှာ စစ်ကော်မရှင်က လာရောက်ဖမ်းဆီးခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဲဒီနောက် တစ်နှစ် နီးပါးအကြာ အင်းစိန်ထောင်တွင်းမှာ စစ်ကော်မရှင်ရဲ့ စစ်ဆေးမေးမြန်းတာကို ခံခဲ့ရပြီးတဲ့ နောက် ဒီနေ့ အောက်တိုဘာလ ၂ ရက်နေ့မနက်ပိုင်းမှာ တေးသံရှင်မဆုမြတ်ထက်ဟာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်တယ်လို့ အဲဒီသူမ နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတစ်ဦးက အတည်ပြုပြောပါတယ်။
“ဟုတ်ပါတယ် သူပြန်လွတ်လာပါပြီ ဒီနေ့မနက်မှာ ပြန်လွှတ်ပေးလိုက်တာ အကြောင်းအရင်းအစုံကိုတော့ မသိရသေးဘူး ကျမတို့လည်း ညနေ မှဘဲသတင်းသွားမေးရမှာဖြစ်တယ် ပြန်လွတ်လာတာကတော့ သေချာပါတယ်”လို့ သူကပြောပါတယ်။
မဆုမြတ်ထက် နဲ့ ကိုယ်တိုင် ဆက်သွယ်ကာ အင်တာဗျူးခွင့် ရရှိနိုင်ဖို့ကိုလည်း CNA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ နောက်ထပ် ရခိုင်လူငယ်အဆိုတော်တဦးဖြစ်တဲ့ ALPHA ကို လည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ရန်ကုန်တိုင်း ကျောက်မြောင်းမှာ ရှိတဲ့ သူရဲ့ နေအိမ်အတွင်းကနေ စစ်ကော်မရှင်က လာရောက်ဖမ်းဆီးတာရှိခဲ့ပါတယ်။
အဲဒီလို စစ်ကော်မရှင်က ဖမ်းဆီးသွားတဲ့ ရခိုင်လူငယ်အဆိုတော်တဦးဖြစ်တဲ့ ALPHA ကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို မိသားစုတွေ အနေ နဲ့ မသိရှိရသေးသလို တွေ့ခွင့်လည်း မရသေးဘူးလို့ သိရပါတယ်။




