(၈၆)နှစ်မြောက် အာရှနေဝန်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ နဲ့ တောင်ကိုးရီးယားနိုင်ငံတွေမှာ မနေ့က စက်တင်ဘာလ ၇ ရက်နေ့မှာ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာတော့ ဒီ (၈၆)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ANDP-Japan)က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီးတော့ တောင်ကိုးရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အခမ်းအနားကိုတော့ ရခိုင်အသင်း – ကိုးရီးယားက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာတော့ အာရက္ခနိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး၊ ရခိုင်နိုင်ငံလွတ်လပ်ရေးအတွက် အသက်သွေး၊ချွဲပေးဆပ်ခဲ့ကြတဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်များအား ဂါရဝပြု ၊ဆုတောင်းမေတ္တာပို့သတာတွေ နဲ့ လွမ်းသူပန်းခွေတွေချကာဂုဏ်ပြုဂါရဝပြုတာတွေကိုလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။



ဂျပန်နိုင်ငံ တိုကျိုမြို့ က အခမ်းအနားကိုတော့ ဆရာတော်အသျှင်သူမြတ်ဘုရား၊ ဂျပန်နိုင်ငံပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ၀န်ကြီးဟောင်းနှင့် အောက်လွတ်တော်အမတ်ဟောင်း ဆရာနာကာဂါဝါစံ၊ဆရာတော်ဦးဥတ္တမသက်ရှိထင်ရှားရှိစဉ်က သီတင်းသုံးနေထိုင်ခဲ့တဲ့ နာဂိုယာဆရာတော်တော်ဦးဥတ္တမ ပြတိုက်မှ ဆရာ Takana san ၊NPO-PEACE အထွေထွေအတွင်းရေးမှူး ပါမောက္ခဆရာKatsuya Soda san ၊ AFSAJ ,AUJ, Arakan FC ရခိုင်အဖွဲ့အစည်းခေါင်းဆောင်များ၊ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း အပါအဝင် အဖွဲ့အစည်းများစွာက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့ ANDP-Japan က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ANDP-Japanအနေ နဲ့ အခုလို ကျင်းပရတာဟာ သမိုင်းပေးတာဝန်တစ်ခုကို လက်ဆင့်ကမ်း သယ်ယူလာတာဖြစ်သလို ဒီလိုပြုလုပ်တာဟာ ရခိုင်တွေရဲ့ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားမှုကိုထုတ်ဖော်ပြသရာလည်း ရောက်တယ်လို့ဆိုပါတယ်။



ဒီလို ရခိုင်အာဇာနည်တွေကို ဂုဏ်ပြုခြင်း နဲ့ အတူ နောက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေ မျိုးချစ်စိတ်ဓာတ် နိုးထလာပြီး ရခိုင်နိုင်ငံရေး၊ တော်လှန်ရေးမှာ တတ်အား သလောက် ပါဝင်လာနိုင်လိမ့်မယ့်ဆိုတာကိုလည်း မျှော်လင့်တယ်လို့လည်းဆိုထားပါတယ်။
ဆရာတော် ဦးဥတ္တမဟာ မြန်မာနိုင်ငံ အင်္ဂလိပ်နယ်ချဲ့လက်အောက်ကို ကျရောက်နေချိန်မှာ မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝက လွတ်မြောက်ရေး အတွက် အင်္ဂလိပ်နယ်ချဲ့တွေကို ဆန့်ကျင် တော်လှန်နိုင်ဖို့အတွက် နိုင်ငံရေးမျိုးစေ့ကို စတင်ချပေးခဲ့တဲ့ ရဟန်းတော်တစ်ပါးဖြစ်တဲ့အပြင် အင်္ဂလိပ်တွေကို မကြောက်ဖို့ တရားများလှုံ့ဆော် ရေးသား ဟောကြားခဲ့တဲ့အတွက် အကြိမ်ကြိမ်ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ရဟန်းတော်တစ်ပါးလည်းဖြစ်ပါတယ်။

လက်ရှိမှာလည်း ရခိုင်နိုင်ငံတော်အတွက် ဆရာတော်ရဲ့ မဆုတ်မနစ်သော ဇွဲ၊လုံးလ၊ဝိရိယတို့ကို စံနမူနာယူကာ ရှေ့ကိုကြိုးစားချီတက်ကြဖို့ကိုလည်း ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ANDP-Japan)က တိုက်တွန်းထားပါတယ်။
ပုံ – ANDP-Japan