မနေ့က ဧပြီလ ၁၉ ရက်နေ့ တစ်ရက်တည်းမှာဘဲ စစ်ကော်မရှင်ဟာ ရခိုင်ပြည်ထဲက ပုဏ္ဏားကျွန်း နဲ့ မြောက်ဦးမြို့တွေကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်တာ လုပ်ဆောင်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ရေဖြူကန်ကျေးရွာမှာရှိတဲ့ အရင်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး (နတလ) သင်တန်းကျောင်း၊ ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းပိုင်းရပ်ကွက်၊ လျှပ်စစ်ဓာတ်အားပေး/မီးခွဲရုံ နဲ့ ပုဏ္ဏားကျွန်းမြို့ နယ်၊ ငှက်ကြီးကျွန်းကျေးရွာတွေကို ဗုံးတွေ ကျရောက်ပေါက်ကွဲ ခဲ့ပါတယ်။
အဲဒါကြောင့် ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တဲ့ မီးခွဲရုံဟာလည်း မီးလောင်ကျွမ်းခဲ့ရသလို ရွာဟောင်းပိုင်းရပ်ကွက်က လူနေအိမ် (၆) လုံးဟာလည်း ပျက်စီးခဲ့ရပြီး အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးဒဏ်ရာ ရရှိခဲ့ရသလို ငှက်ကြီးကျွန်းကျေးရွာမှာလည်း အပြစ်မဲ့အရပ် သားပြည်သူ တစ်ဦး သေဆုံးခဲ့ရတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
အဲဒီလိုဘဲ မနေ့က ဧပြီလ ၁၉ ရက်နေ့ တစ်ရက်တည်းမှာ မြောက်ဦးမြို့နယ်ထဲက ကျောက်ဆည်ပြင်ကျေးရွာ နဲ့ ကျောက်ဆည်ပြင် ဘုန်းကြီးကျောင်းကိုလည်းလေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုကြောင့်ဘုန်းကြီးကျောင်း၊ သာသနိကအဆောက်အအုံ နဲ့ဘုန်း ကြီးကျောင်းပတ်ဝန်းကျင်က လူနေအိမ်တချို့ဟာမီးလောင်ပျက်စီးခဲ့ရပြီးတော့ စာသင်နေကြတဲ့ စာသင်သား သံဃာတော်တွေ အပါအဝင်အပြစ်မဲ့ပြည်သူ စုစုပေါင်း (၁၃) ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဲဒါအပြင် ဒေသခံပြည်သူပိုင်ဆိုင်တဲ့ နွား (၅) ကောင် သေဆုံးပြီး (၁) ကောင် ဒဏ်ရာရရှိခဲ့ရသလို ဆိတ် (၁) ကောင်ဟာလည်း သေဆုံးသွားခဲ့ရပါသေးတယ်။
အဲဒီနေ့တစ်ရက်တည်းမှာဘဲ စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ နဲ့ ပလက်ဝမြို့က အရပ်သားပြည်သူနေထိုင်တဲ့ မေရာတွေကို ဂျက်ဖိုက်တာ (၅) စီး ၊ Y12 (၂) စီး နဲ့ လေကြောင်းတိုက်ခိုက်တာကိုလည်းလုပ်ဆောင်ခဲ့သေးတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်စစ်မြေပြင်မှာ စစ်ရေးအရှုံးနဲ့ ရင်ဆိုင်ပြီးတော့ အာရက္ခတပ်တော်ဆီမှာ နယ်မြေအများစုကို လက်လွတ်ထားခဲ့ရတဲ့ စစ်ကော်မရှင်ဟာ ဒီရက်ပိုင်းအ တွင်းမှာရခိုင်က သူတို့လက်လွတ်ထားခဲ့ရတဲ့ နယ်မြေတွေက အရပ်သားပြည်သူနေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်တာ ဆက်တိုက်ရှိလာနေတာကိုတွေ့နေရပါတယ်။




